မြစ်ကြီးနား နိုဝင်ဘာ ၂၂
ကချင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးမလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။
ထိုသို့ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် လွတ်လပ်ပြီးတရားမျှတသည့် ဒီမိုကရေစီနိုင်ငံတော် ထူထောင်နိုင်ရန်အတွက် ရွေးကောက်ပွဲကျင်းပရန်သည် အဓိကလိုအပ်ချက်ဖြစ်ပါကြောင်း၊ အသက်(၁၈)နှစ် ပြည့်ပြီးသည့် နိုင်ငံသားအားလုံး မဲပေးခွင့်မဆုံးရှုံးစေရေး မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များက အလေးထားလုပ်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်နယ်/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးနှင့် အဓိကတာဝန်ယူဆောင်ရွက်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲစာရင်းစစ်ဆေးသူ၊ မဲပေးစက်ကိုင်တွယ်သူ၊ မှင်တို့သူများအနေဖြင့်လည်း ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေအမိန့်ညွှန်ကြားချက်များနှင့်အညီ ရွေးကောက်ပွဲအောင်မြင်စွာ ပြီးမြောက်သည်အထိ တာဝန်သိသိ၊ သစ္စာရှိရှိဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် ရွေးကောက်ပွဲ မတိုင်မီကာလ၊ ကျင်းပစဉ်ကာလနှင့် ပြီးစီးသည့်ကာလတို့တွင် လုံခြုံရေးအဖွဲ့အစည်းများအနေဖြင့် အထူးအလေးထား ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ရွေးကောက်ပွဲပထမပိုင်းကျင်းပရန် (၃၆)ရက်သာလိုအပ်ပါသဖြင့် သက်ဆိုင်ရာဌာနများအနေဖြင့် ဟန်ချက်ညီညီအားသွန်ခွန်စိုက်ကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ကချင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်လွင်ကပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး မြို့နယ်အလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်ဝင်းက ၂၀၂၅ ခုနှစ်၊ အသက် (၁၈)နှစ်ပြည့် မဲဆန္ဒရှင်များအား မြေပြင်ကွင်းဆင်းကောက်ယူမှု အခြေအနေများနှင့်စပ်လျဉ်း၍လည်းကောင်း၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးမျိုးမင်းဦးက မဲပေးစက်များရောက်ရှိမှုအခြေအနေ၊ မဲပေးစက်များ ဖြန့်ခွဲမှုအခြေအနေ၊ ကြိုတင်ဆန္ဒမဲများ ရောက်ရှိမှုအခြေအနေများနှင့် မဲရုံမှူးသင်တန်းများ ဖွင့်လှစ်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ ကချင်ပြည်နယ်ရဲတပ်ဖွဲ့၊ ရဲမှူးကြီးမျိုးဆွေက ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆောင်ရွက်ထားရှိမှုအစီအမံများနှင့်စပ်လျဉ်း၍လည်းကောင်း ပါဝါပွိုင့်များဖြင့် ရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြသူများကအသီးသီး ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။
တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး အားလုံးက ဝိုင်းဝန်းပူးပေါင်း၍ ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းနှင့် လိုအပ်သည်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် အဆိုပါ အစည်းအဝေးခန်းမ၌ ကချင်ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ၏ (၅/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကော်မတီအဖွဲ့ဝင်များနှင့် ကျင်းပပြုလုပ်ခဲ့ကြပြီး ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြေလွတ်၊ မြေလပ်၊ မြေရိုင်းများအပေါ် အသုံးပြုခွင့်လျှောက်ထားလာမှုအပေါ် နိုင်ငံတော် မူဝါဒနှင့်အညီ စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေးနှင့် ပြည်သူ များ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကိုလည်း ထည့်သွင်းတွက်ချက်၍ စီမံဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း အမိန့်အညွှန်ကြားချက်များနှင့်အညီ ဆွေးနွေးဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်း မှာကြားသည်။
ထို့နောက် ပြည်နယ်ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်မြေစာရင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ထွန်းအောင်က စိုက်ပျိုးရေးနှင့် အခြားလုပ်ငန်းများအတွက် တင်ပြလျှောက်ထားလာသည့် လုပ်ငန်းစာတွဲ (၄၇)တွဲ၊ သီးခြားအဖွဲ့ဖြင့် စိစစ်ရမည့် လုပ်ငန်းစာတွဲများ၊ ၄/၂၀၂၅ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ ပြန်လည်တင်ပြလာသည့် လုပ်ငန်းစာတွဲများကို လုပ်ငန်းစာတွဲတစ်ခုချင်းအလိုက် ရှင်းလင်းဆွေးနွေးတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင် များက လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

