မြစ်ကြီးနား နိုဝင်ဘာ ၂၃
ကချင်ပြည်နယ်အကျဉ်းဦးစီးဌာန၊ မြစ်ကြီးနားအကျဉ်းထောင်၌ အကျဉ်းသား/ အကျဉ်းသူများအား အကျဉ်းထောင်သာသနာ (YCC Foundation)အဖွဲ့နှင့်ပူးပေါင်း၍ မူးယစ်ဆေးဝါးဆိုးကျိုးအသိပညာပေးဟောပြောပွဲနှင့် အကျဉ်းသား/ အကျဉ်းသူများ၏ မူးယစ်ဆေးဝါးဆိုးကျိုးအကြောင်း သီချင်းဆိုပြိုင်ပွဲ Grand Final ကို နိုဝင်ဘာ ၂၃ ရက် မွန်းလွဲ ၁ နာရီက အဆိုပါအကျဉ်းထောင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီးဒေါ်နန်ဆိုင်း၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ မြစ်ကြီးနားအကျဉ်းထောင်တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှမျိုးအောင်က အကျဉ်းသား/ အကျဉ်းသူများအတွက် အကျဉ်းထောင်အတွင်း မူးယစ်ဆေးဝါးဆိုးကျိုး အန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် အကျဉ်းသား/ အကျဉ်းသူများအတွက် တေးသီချင်းသီဆိုပြိုင်ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အကျဉ်းသား/ အကျဉ်းသူများအနေဖြင့် ယခုလို ပြိုင်ပွဲများကျင်းပပြုလုပ်ပေးခြင်းဖြင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးကို ပိုမိုသိရှိနားလည်ပြီး မိမိတို့ ဝါသနာပါရာ အနုပညာရပ်အား ဖော်ထုတ်ပြသခွင့်ရရှိစေသည့်အတွက် ရှေ့ဆက်မိမိတို့ အမှားကို ဆင်ခြင်ပြီး မိမိတို့ဝါသနာပါရာအလုပ်ဖြင့် အများကို အကျိုးပြုသော လူကောင်းလူရည်မွန်များအဖြစ် ဘဝကိုဆင်ခြင်ဖြတ်သန်းကြရန် လိုအပ်ပါကြောင်း အားပေးတိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အကျဉ်းထောင်နှင့်အတူ ပူးပေါင်းကူညီကျင်းပပေးကြသော အကျဉ်းထောင်သာသနာပြု (YCC Founder) အဖွဲ့အတွက် ချီးမြှင့်ငွေကျပ် ၅ သိန်းကို ပေးအပ်ချီးမြှင့်ခဲ့ပြီး YCC Founder ဥက္ကဋ္ဌက အဆိုပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးကြသော ဒိုင်အဖွဲ့၊ တီးခတ်ပေးကြသူများအား အမှတ်တရလက်ဆောင်များကို ပေးအပ်သည်။
ယင်းနောက် မူးယစ်ဆေးဝါးဆိုးကျိုး အသိပညာပေး ဟောပြောပြိုင်ပွဲအဖြစ် ၂၀၂၅ ခုနှစ် တေးသီချင်းသီဆိုပြိုင်ပွဲ Grand Final Top (5) ပြိုင်ပွဲဝင် အကျဉ်းသား/ အကျဉ်းသူ(၅)ဦးတို့၏ ယှဉ်ပြိုင်သီဆိုမှုကို ကြည့်ရှုအားပေးခဲ့ကြပြီးပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရ ပြိုင်ပွဲဝင်အား လည်ဆွဲ၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုဆုတံဆိပ်ကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ဒုတိယဆုရပြိုင်ပွဲဝင်အားလည်းကောင်း၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG)မှ အဖွဲ့ဝင် ဦးလမိုင်ခွန်ဂျာက တတိယဆုရရှိသူအားလည်းကောင်း၊ အကျဉ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက နှစ်သိမ့်ဆုရရှိသူ (၂)ဦးတို့အားလည်းကောင်း လည်ဆွဲနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကာ ပထမဆုရရှိသည့် ပြိုင်ပွဲဝင်၏ ကျေးဇူးတင်ဝမ်းမြောက်စကားနှင့် မူးယစ်ဆေးဝါးဆိုးကျိုးအကြောင်း တေးသီချင်းဖြင့် သီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ အကျဉ်းသား/အကျဉ်းသူများအား မူးယစ်ဆေးဝါးဆိုးကျိုး အသိပညာပေး ဟောပြောပွဲနှင့် သီချင်းဆိုပြိုင်ပွဲကို အကျဉ်းသား/ အကျဉ်းသူများထဲမှ အဆိုဝါသနာပါသူ (၁၃၂)ဦး ပါဝင်ယှဉ် ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


