တနိုင်း နိုဝင်ဘာ ၂၉
ကချင်ပြည်နယ်၊ တနိုင်းခရိုင် ဟူးကောင်းဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးစွမ်းအားတိုးမြှင့်ဆောင်ရွက်နိုင်ရေး တနိုင်းမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် နိုဝင်ဘာ ၂၇ ရက်က တနိုင်းမြို့နယ်အတွင်း မိုးစပါးစံကွက်ရိတ်သိမ်းပွဲ၊ ဒေသခံတောင်သူများ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲများကို ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ တနိုင်းမြို့ စည်ပင်သာယာဈေးနှင့် မနက်ခင်းဈေးသို့ သွားရောက်ပြီး ဈေးအတွင်းဈေးရောင်း၊ ဈေးဝယ်များဖြင့် စည်ကားလျက်ရှိသည့်အခြေအနေများ ဒေသထွက်အသီးအနှံ၊ သား/ငါးများရောင်းချနေမှု အခြေအနေများနှင့် အရောင်းအဝယ်ဖြစ်ထွန်းမှု အခြေအနေများကို မေးမြန်းအားပေးခဲ့ကြကာ ဟင်းသီးဟင်းရွက်နှင့် သား/ငါးများအား ယာယီတိမ်းရှောင်ပြည်သူများအား ထောက်ပံ့ပေးနိုင်ရေး ဝယ်ယူအားပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ကျော်ဘုန်းအောင်၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ များ၊ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ တနိုင်းမြို့ ကင်ဆားရာရပ်ကွက်အတွင်းရှိ ကက်သလစ်အသင်းတော်ပိုင်ဝင်းအတွင်း ယာယီတိမ်းရှောင်စခန်းဖွင့်လှစ်၍ နယ်မြေလုံခြုံရေးအခြေအနေအရ ယာယီခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စုများနှင့် သွားရောက်တွေ့ဆုံအားပေးကြသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (တနိုင်း) ဒေသကွပ်ကဲရေးမှူးတို့က အိမ်ထောင်စု (၇၀)အတွက် ဆန် (၂၄)ပြည်ပါအိတ် (၇၀)အိတ်၊ ဆီပိဿာ (၇၀)၊ ကြက်ဥ (၇၀)ကတ်၊ ဟင်းသီး ဟင်းရွက်များကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြ သည်။
ဆက်လက်၍ စခန်းတာဝန်ခံ ဖာသာဦးနော်တောင်က အိမ်ထောင်စုများကိုယ်စား ကျေးဇူးတင်စကားနှင့် စခန်းနေမိသားစုများ နေရာချထားပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေမှုများ၊ လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များအပေါ် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အိမ်ထောင်စုများအနေဖြင့် နေရပ်ပြန်လည်နေထိုင်နိုင်ရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးကို အားလုံးကို စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းကြိုးစားကြရမည်ဖြစ်ပါကြောင်း အားပေးပြောကြားပြီး ကက်သလစ်အသင်းတော်ဖာသာအတွက် ခရစ္စမတ်လက် ဆောင်နှင့် အိမ်ထောင်စုများအတွက် ငွေကျပ်သိန်း (၃၀)ကို ထပ်မံထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တနိုင်းမြို့နယ် မိုင်းခွန်ကျေးရွာအုပ်စု၊ ရေနံကုန်းကျေးရွာ၌ ကျင်းပပြုလုပ်သည့် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ၊ ဒေသခံတောင်သူများ ဆောင်းသီးနှံမျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ခဲ့ကြပြီး ဒေသခံတောင်သူများအား ပြည်နယ်ဝန်ကြီးချုပ်က တနိုင်းဒေသသည် မြေဆီမြေနှစ်ကောင်းမွန်ပြီး စိုက်ပျိုးဖြစ်ထွန်းသည့် ဒေသတစ်ခုဖြစ်ပါကြောင်း၊ နည်းစနစ်ကျနမှန်ကန်စွာ စိုက်ပျိုးနိုင်ခြင်းအားဖြင့် ပန်းတိုင်အထွက်နှုန်းရရှိလာမည်ဖြစ်သည့်အပြင် ဒေသဝမ်းစာဖူလုံလာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ စိုက်ပျိုးစွမ်းအားတိုးတက်မြင့်မားရေးနှင့် ဆောင်းသီးထပ်စိုက်ပျိုးရေးကို တိုးချဲ့လုပ်ကိုင်နိုင်ရေး မျိုးကောင်းမျိုးသန့်၊ သွင်းအားစုများနှင့်ကျေးရွာများ လမ်းပန်းဆက် သွယ်ရေးကောင်းမွန်လာအောင် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျေးရွာအုပ်စုအတွင်းရှိ မိုးစပါးစိုက်တောင်သူများအား ဆောင်းသီးထပ်စိုက်ပျိုးနိုင်ရေး နေကြာမျိုးစေ့တင်း (၅၀)၊ ဆီမုန်ညှင်းမျိုးစေ့ (၇၅)တင်း၊ မြေပဲမျိုးစေ့တင်း (၃၀၀)၊ ပဲပုတ်မျိုးစေ့တင်း (၂၀)နှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြရာ တောင်သူတစ်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ဆက်လက်၍ မြို့နယ်မြေစာရင်းဦးစီးဌာနမှူးက ဆွတ်ငိုင်ပါကွင်းအတွင်း မိုးစပါးစံကွက်ရိတ်သိမ်းသွားမည့် အစီအစဉ်များနှင့် ဆောင်းသီးထပ်စိုက်ပျိုးဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး တောင်သူများက စိုက်ပျိုးရေး/ မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည်များနှင့် ဆောင်းသီးထပ်စိုက်ပျိုးရေးအတွက် လိုအပ်သည်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဆောင်းသီးထပ်ဧက (၁၀၀)စိုက်ပျိုးရေးအတွက် ခြံစည်းရိုးကာရံနိုင်ရေး ငွေကျပ်သိန်း (၅၀)ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် အဆိုပါ ဆွတ်ငိုင်ပါကွင်းအတွင်း တောင်သူဦးယောဘ၏ လယ်(၁၀)ဧကအတွင်းရှိ ဆင်းဧကရီ-၃ မျိုးစပါးများအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ကွင်းသရုပ်ပြစံကွက်ရိတ်သိမ်းမှုအား တောင်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြပြီး ဌာနဆိုင်ရာများ၏ တစ်ဧကအထွက်နှုန်းရရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အဆိုပါကျေးရွာအုပ်စုအတွင်းရှိ ဂျိုဆာဒီးကျေးရွာ၌ ပြည်နယ်ရန်ပုံငွေဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသော ကျေးရွာတွင်းလမ်း အမာခံကျောက်ချောလမ်း အရှည်(၁ ဒဿမ ၆) ကီလိုမီတာလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး သတ်မှတ်ချိန်အတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ရေး မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် တနိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ရပ်ကွက်/ကျေးရွာကော်မတီအဖွဲ့ဝင်များနှင့် တနိုင်းဒေသစိုက်ပျိုးစွမ်းအားတိုးတက်မြင့်မားရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေးတို့အတွက် စိုက်ပျိုးစွမ်းအားတိုးတက်မြင့်မားရေးကို အလေးထားလုပ်ဆောင်နိုင် ရန်နှင့် တောင်သူလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး၊ စိုက်ပျိုးမြေ၊ သွင်းအားစုနှင့် မျိုးကောင်းမျိုးသန့်များ တိုးမြှင့်ဖြန့်ဝေဖော်ဆောင်ပေးနိုင်ရေးတို့ကို ရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကိုယ်စားပြုခရိုင်တာဝန်ခံ ဦးထွန်းထွန်းလင်းက စိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် တောင်သူများက စိုက်ပျိုးရေးလုပ်ငန်းအတွက် အခြေခံလိုအပ်ချက်များ၊ ကုန်ထုတ်လမ်း၊ စိုက်ပျိုးရေရရှိရေးတို့ကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် ပုန်းခုန်းရပ်ကွက်အတွင်းရှိ နှစ်ခြင်းခရစ်ယာအသင်းတော်ရုံး၌ တနိုင်းမြို့နယ်အတွင်းရှိ ဘာသာရေးအသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီးသွား ရောက်တွေ့ဆုံခဲ့ကြပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် ဘာသာရေးအဖွဲ့အစည်းအသီးသီးအနေဖြင့် ဒေသခံပြည်သူများအား တိုက်တွန်းအားပေးခြင်းဖြင့် ကူညီပေးကြရန် ပြောကြားပြီး အလှူငွေကျပ်သိန်း (၃၀)နှင့် ခရစ္စမတ်လက်ဆောင် ခြုံစောင်များကို ပေးအပ်လှူဒါန်းခဲ့ကာ ဘာသာရေးအသင်းအဖွဲ့အသီးသီး၏ တင်ပြချက်များအပေါ် ဌာနဆိုင် ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တနိုင်းမြို့ မြို့ဦးကျောင်းတိုက်သို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမျှော်ကြည်ညိုခဲ့ကြကာ လှူဖွယ်ပစ္စည်းများ၊ အလှူငွေများကို လှူဒါန်းခဲ့ကြပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်သာသနာရေးဆိုင်ရာလုပ်ငန်းများကို လျှောက်ထားခဲ့ကြကြောင်း သိရသည်။










