ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သဏ္ဉာန်တူဇာတ်တိုက်လေ့ကျင်းခန်း၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ တက်ရောက်၊ မြစ်ကြီးနားမြို့ပေါ်၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားရှိမှုနှင့် အိမ်ထောင်စုအလိုက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး၊ ၂၀၂၅ ခုနှစ်၊ မိသားစုခရစ္စမတ်ပွဲတော်၊ ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့၊ ကချင်ပြည်နယ်နေ့ အခမ်းအနားများ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     နိုဝင်ဘာ ၂၈

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့က ကြီးမှူးကျင်းပသည့် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်ခြင်း အခမ်းအနားနှင့် ကချင်ပြည်နယ်အစိုးရ အဖွဲ့၏ ကြီးကြပ်ပံ့ပိုးမှုဖြင့် ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကချင်ပြည်နယ်အတွင်း (၁၀) ကြိမ် မြောက်ကျင်းပပြုလုပ်သော စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။

          ရှေးဦးစွာ မြစ်ကြီးနားမြို့ စီတာပူမြစ်ဆိပ်၌ ကျင်းပပြုလုပ်သည့် ရေဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကချင်ပြည်နယ်အနေဖြင့်လည်း ယခင်နှစ် (၃၁-၆-၂၀၂၄) ရက်နေ့နှင့် ယခုနှစ် (၃၁-၅-၂၀၂၅)ရက်နေ့တို့တွင် ဧရာဝတီမြစ်ရေကြီးမြင့်မှုကြောင့် ရေကြီးရေလျှံမှုဒဏ်ကို ခံစားခဲ့ရပါကြောင်း၊ မိမိတို့အနေဖြင့် ရေဘေးအန္တရာယ်ကို မြစ်ရေမြင့်တက်လာချိန်ကတည်းက ကြိုတင်သတိပေးထုတ်ပြန်ချက်များ ရယူလိုက်နာခြင်းနှင့် ယခုလိုသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခြင်းတို့သည် ထိရောက်သော ကြိုတင်ပြင်ဆင်မှုများပင်ဖြစ်ပါကြောင်း၊ သို့မှသာ လက်တွေ့ကျသည့် ကြိုတင်ပြင်ဆင်မှုများ၊ ကြိုတင်ကာကွယ်မှုများကို ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းသည့်နှင့်အမျှ ထိခိုက်ဆုံးရှုံးမှုတို့ အနည်းဆုံးနှင့် လွတ်မြောက်အောင်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားပြီး ဇာတ်တိုက်လေ့ကျင့်ရေးအဖွဲ့များအတွက် ချီးမြှင့်ထောက်ပံ့ငွေကျပ်သိန်း ၃၀ ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ထို့နောက် ခရိုင်/မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရပ်ဖက်လူမှုကူညီရေးအသင်းအဖွဲ့များက ရေဘေးအန္တရာယ်နှင့်ပတ်သက်သည့် မိုးလေဝသကြေညာချက်ထုတ်ပြန်အသိပေးခြင်း၊ နှိုးဆော်ဆောင်ရွက်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များက ရေဘေးလွတ်ရာသို့ ရွေ့ပြောင်းပေးခြင်း၊ ထိခိုက်ဒဏ်ရာရသူများအား ရှေးဦးပြုစုပေးခြင်းနှင့် ယာယီစခန်းများ ဖွင့်လှစ်၍ ကယ်ဆယ်နေရာချထားပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် လူဦးရေအိမ်ထောင်စုစာရင်းကောက်ယူခြင်း၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် စားရေရိက္ခာများ ထောက်ပံ့ပေးခြင်းတို့ကို သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ပြသမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ အခြေခံပညာအထက်တန်းကျောင်း(စီတာပူ)၌ ကျင်းပသည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ တက်ရောက်ခဲ့ကြပြီး ဘင်ခရာ၊ ပန်းပွားအဖွဲ့က ဦးဆောင်ပြီး အခမ်းအနားကို ကျောင်းရှေ့မုဒ်ဦး၌ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်ဒေါ်အေးအေးမော်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ ပြည်နယ်ဥပဒေချုပ်နှင့် မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြည်နယ် ဝန်ကြီးချုပ် ဘင်ခရာ၊ ပန်းပွားအဖွဲ့များအတွက် ချီးမြှင့်ထောက်ပံ့ငွေများကို ပေးအပ်ချီးမြှင့်သည်။

          ထို့နောက် ကျောင်းခန်းမ၌ အခမ်းအနားကို ဆက်လက်ကျင်းပရာ ကျောင်းသူလေးများက ကချင်တိုင်းရင်းသားရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်၍ ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့နိုင်ငံ၏ အမျိုးသားရေးရည်မှန်းချက် အောင်မြင်စေရန် ဖွံ့ဖြိုးတိုးတက်သည့် လူ့ဘောင်အသိုက်အဝန်းနှင့် သာယာဝပြောစေရေး အသိပညာအတတ်ပညာကြွယ်ဝသည့် လူသား အရင်းအမြစ်ကောင်းများ မဖြစ်မနေလိုအပ်ပြီး ပညာတတ်များ မွေးထုတ်ပေးရန် လိုအပ်ပါကြောင်း၊ ဒါကြောင့် လူတိုင်းစာတတ်မြောက်ရေးနှင့် စာပေဗဟုသုတရရှိစေရေးကို ဦးတည်ပြီး ထိုမှတစ်ဆင့် ပညာတတ်များပေါကြွယ်ရေးကို နိုင်ငံတော်က ဆောင်ရွက်ပေးနေခြင်းပင်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျောင်းသားလူငယ်များ စာကြည့်တိုက်ကို သွားရောက်ကာ စာဖတ်သည့် အလေ့အထဖြစ်အောင် ဆောင်ရွက်ပေးခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းကို အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

          ဆက်လက်၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အထိမ်းအမှတ် ကျောင်းသားလူငယ်များအတွက် ထက်၊ လယ်၊ မူအဆင့်အလိုက် ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် စာစီစာကုံး၊ ပန်းချီ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများကိုလည်းကောင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးစာဖတ်ဝိုင်းတွင် ပါဝင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများအားလည်းကောင်း၊ ကျောင်းစာကြည့်တိုက်၌ စာဖတ်မှုအများဆုံးဖြစ်သည့် ကျောင်းသားတစ်ဦးအားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့် ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          အဆိုပါ ပွဲတော်တွင် ကျောင်းသား/ ကျောင်းသူများအတွက် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ ခါးကွင်းလှည့်ပြိုင်ပွဲ၊ မျှားပစ်ပြိုင်ပွဲများအပါအဝင် ဆေးရောင်ခြယ်၊ ပုံပြင်ပြော၊ ကျပန်းစကားပြောပြိုင်ပွဲများကို ထည့်သွင်းကျင်းပပေးခဲ့ပြီး ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေး၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင် ကပ်ထားကြေညာထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ စီတာပူရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ မဲဆန္ဒရှင် စာရင်းကပ်ထား ကြေညာထားရှိမှုအား ပြည်နယ်/ ခရိုင်/ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲအရာရှိများ၊ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲပေးနိုင်ရေးအတွက် ကျောင်းသား/ ကျောင်းသူ များ၊ ရွေ့ပြောင်းအလုပ်လုပ်ကိုင်သူများပါ ကျန်ရှိမှုမရှိစေရေး သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ကြီးကြပ်စစ်ဆေးဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။

          ယင်းနောက် စီတာပူရပ်ကွက်အတွင်းနှင့် မန်ခိန်ရပ်ကွက်အတွင်း မဲစာရင်းပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် ခရိုင်/ မြို့နယ်မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များ၌ ဒုတိယအကြိမ်မဲစာရင်းများ ကပ်ထားကြေညာမှုအပေါ် ပြည်သူများ လာရောက်ကြည့်ရှုမှုအပြင် အိမ်ထောင်စုအလိုက် မဲစာရင်းတွင်ပါရှိသည့် မဲဆန္ဒရှင်အမည်စာရင်းအား မဲစာရင်းပြည့်စုံမှန်ကန်မှုရှိစေရေး/ ကျန်ရှိမှုမရှိစေရေး တစ်အိမ်တက်ဆင်း စိစစ်တိုက်ဆိုင်စစ်ဆေးနေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။

          ထို့အပြင် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခန်းမ၌ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တပ်မတော်အရာရှိများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ မိသားစုခရစ္စမတ်ပွဲတော်နှင့် ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် ကချင်ပြည်နယ်နေ့ အခမ်းအနားများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ခဲ့သည်။

          အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် မိသားစုခရစ္စမတ်ပွဲတော်နှင့် လာမည့်နှစ် ဇန်နဝါရီလတွင် ကျရောက်မည့် (၇၈) လွတ်လပ်ရေးနေ့ အခမ်းအနားများကို ယခင်နှစ်များနည်းတူ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး စီမံဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကိုလည်း ရိုးရာအစဉ်အလာနှင့်အညီ ယခင်နှစ်များနှင့်မတူ အထူးစည်ကားသိုက်စွာ၊ အေးချမ်းပျော်ရွှင်စွာဖြင့် အားလုံးပါဝင်ဆင်နွှဲနိုင်ရေး ကျင်းပပြုလုပ်သွားရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် အသေးစိတ်အစီအမံများနှင့် အုပ်ချူပ်ထောက်ပံ့မှုဆိုင်ရာ ဖြည့်ဆည်းပေးရမည့် ကိစ္စရပ်များအပေါ် ကြိုတင်ညှိနှိုင်းတင်ပြနိုင်ရေး ဆွေးနွေးဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာများက သက်ဆိုင်ရာကော်မတီများအလိုက် ပြည်နယ်အစိုးရအဖွဲ့ မိသားစုခရစ္စမတ်ပွဲတော်သို့ ဘာသာရေးအသင်းအဖွဲ့အားလုံး ပါဝင်တက်ရောက်နိုင်ရေးနှင့် စုဝေး၍ ဆုတောင်းဝတ်ပြုခြင်း၊ ဧည့်ခံကျွေးမွေးခြင်းစသည့် အစီအမံများကိုလည်းကောင်း၊ လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနား၊ သဝဏ်ဖတ်ပွဲ၊ ဆုချီးမြှင့်ပွဲနှင့် ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲ ထည့်သွင်းကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ ကချင်ပြည်နယ်နေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ခြင်း၊ ပြခန်းများ ဖွင့်လှစ်ပြသခြင်း၊ အဖွင့်မနောအကနှင့် အပိတ်မနောအက ဆင်နွှဲခြင်း၊ ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားများကို ခမ်းနားစွာ ကျင်းပပြုလုပ်သွားမည့် အစီအစဉ်များကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က အသေးစိတ်စီမံချက်များရေးဆွဲ ပြန်လည်တင်ပြနိုင်ရေး၊ ဆပ်ကော်မတီအချင်းချင်း ဆွေးနွေးဆောင်ရွက်သွားရေး၊ ဆပ်ကော်မတီအလိုက် မိမိတို့၏ လုပ်ငန်းအစီအမံများအပေါ် မှတ်တမ်းပြုစုထားရှိနိုင်ရေးနှင့် လိုအပ် သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။