မြစ်ကြီးနား နိုဝင်ဘာ ၃၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားအကျဉ်းထောင်၌ YCC အကျဉ်းထောင်သာသနာက ဦးစီးကျင်းပသော ထောင်တွင်း ကောက်သစ်စားကျေးဇူးတော်ချီးမွှမ်းပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါ အကျဉ်းထောင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ YCC အကျဉ်းထောင်သာသနာမှ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ကောက်သစ်ပေါ်ချိန်တွင် မိမိတို့ရိုးရာပွဲတော်ဖြစ်သည့် ကောက်သစ်စားကျေးဇူးတော် ချီးမွမ်းပွဲများကို နေရာအနှံကျင်းပလျက်ရှိပါကြောင်း၊ ယခုလို ကောက်သစ်စားကျေးဇူးတော်ချီးမွမ်းပွဲကို အကျဉ်းထောင်တာဝန်ရှိသူများ၊ အကျဉ်းသား/အကျဉ်းသူများနှင့်အတူ အတူတကွစုပေါင်းပါဝင်ခွင့်ရသည့်အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ကောင်းချီးမင်္ဂလာများ ပြည့်စုံစေပြီး ပျော်ရွှင်သော ဘဝများကို ဆက်လက်လျှောက်လှမ်းနိုင်ကြရန် ဆုတောင်းပေးလိုပါကြောင်း အားပေးစကားပြော ကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အကျဉ်းထောင်ရိုးရာကောက်သစ်စားကျေးဇူးတော် ချီးမွမ်းပွဲအတွက် အလှူငွေကျပ်သိန်း ၅၀ ကို ပေးအပ်လှူဒါန်းပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများအတွက် အသင်းတော်သိက္ခာတော်ရဆရာက ကျေးဇူးတော်သီးနှံရိုးရာပလိုင်းများကို ဂါဝရပြုပေးအပ်ကြကာ အကျဉ်းသားတစ်ဦးက ပြည်နယ်ဝန်ကြီးချုပ်အတွက် ပြည်နယ်ဝန်ကြီးချုပ်ပုံတူ ပန်းချီကားကို အမှတ်တရလက်ဆောင်ပေးအပ်ခဲ့သည်။
ထို့နောက် အသင်းတော်သိက္ခာတော်ရ ဆရာများက ဦးဆောင်၍ အဖွင့်ကျန်းစာဖတ်ခြင်း၊ ဆုတောင်းဆက်ကပ်ခြင်း၊ သံစုံဓမ္မတေးသီဆိုခြင်းနှင့် ဓမ္မဒေသနာတော် ဟောကြားခြင်း၊ ကောက်ပဲသီးနှံကဗျာတေးသရုပ်ဖော်ခြင်းနှင့် ကောင်းချီးတောင်းခံဆုတောင်းဆက်ကပ်ပေးခြင်းတို့ကို အတူတကွ ဆောင်ရွက်ခဲ့ကြသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ ညပိုင်းကလည်း မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက်အတွင်း ချီဆောင်ခြင်းအသင်းတော်ဘုရားကျောင်း၌ သိက္ခာတော်ရဆရာများ၊ အသင်းသူ/ အသင်းသားများ၊ သက်စမ်းရေပညာရေးစင်တာနှင့် ဓမ္မကောလိပ်မှ ကျောင်းသား/ ကျောင်းသူများနှင့် သွားရောက်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေး တို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ဒေသတွင်း ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်းအေးချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ဒေသခံတိုင်းရင်းသားအားလုံးက စည်းလုံးညီညွတ်စွာ ဝိုင်းဝန်းပူးပေါင်းပါဝင်ကြရမည်ဖြစ်ပါကြောင်း၊ မကြာမီ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မိမိတို့အားလုံးက နိုင်ငံသားတာဝန် ကိုကျေပွန်အောင် ဒေသအကျိုးပြုမည့်သူများအား ရွေးချယ်တင်မြောက်ပေးကြရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဘာသာရေးအသင်းအဖွဲ့အသီးသီးအနေဖြင့်လည်း ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများ အေးချမ်းပျော်ရွှင်စွာနေထိုင်နိုင်ရေး ဝိုင်းဝန်းဆုတောင်းကူပေးကြရန် မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားသည်။
ထို့နောက် သက်စမ်းရေဓမ္မကောလိပ်ကျောင်းသား/ ကျောင်းသူများက သံစုံတေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်စမ်းရေဓမ္မကောလိပ်ကျောင်းသား/ကျောင်းသူများနှင့် သက်စမ်းရေပညာရေးစင်တာတို့အတွက် ထောက်ပံ့ငွေကျပ်သိန်း ၂၀ ကို ချီးမြှင့်ထောက်ပံ့ပေးအပ်သည်။ ဆက်လက်၍ သာသနာခရိုင်ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး တာဝန်ရှိသူများက ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိ သူများထံ လီဆူတိုင်းရင်းသားရိုးရာဇာဇိုအား ဂါဝရပြုလက်ဆောင်ပေးအပ်ခဲ့ကြကာ မြန်မာနိုင်ငံအေဂျီအသင်းတော်အထွေထွေသာသနာကောင်စီ အတွင်းရေးမှူးက ကျေးဇူးတင်စကားနှင့် ကောင်းချီးတောင်းခံဆုတောင်းဆက်ကပ်ပေးခဲ့ကြောင်း သိရသည်။





