ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေး၊ စားသုံးဆီဖူလုံရေးအတွက် နွေစပါး၊ မိုးစပါးနှင့် ဆီထွက်သီးနှံစိုက်ပျိုးရိတ်သိမ်းမှု/ တိုးမြှင့်စိုက်ပျိုးထုတ်လုပ်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းဆွေးနွေး၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံး၌ မဲစာရင်းများ တိုက်ဆိုင်စစ်ဆေးဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး၊ ရေကြည်ချောင်းရေထိန်းတံခါးတည်ဆောက်နေမှုနှင့် မြစ်ကြီးနားမြို့၌ တန် ၁၂၀ ကျ ဆန်စက်တည်ဆောက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား ဒီဇင်ဘာ ၆

          ကချင်ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေး၊ စားသုံးဆီဖူလုံရေးအတွက် နွေစပါး၊ မိုးစပါးနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးရိတ်သိမ်းမှု အခြေအနေများနှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့်နိုင်ရေးတို့အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ဆန်စပါးဖူလုံမှုရှိသည်ဟုဆိုသော်လည်း ဒေသတွင်း လူဦးရေဖြင့်သာ ဖူလုံနေခြင်းဖြစ်သည့်အတွက် ပြည်နယ်အတွင်း လာရောက်နေထိုင်လည်ပတ်သူများအတွက်ကိုလည်း ဖူလုံအောင် တိုးမြှင့်စိုက်ပျိုးထုတ်လုပ်သွားရမည်ဖြစ်ပါကြောင်း၊ အလားတူ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုကို အရှိန်အဟုန်ဖြင့် ရည်မှန်းချက်ထား၍ ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး စာရင်းဇယားအချက်အလက်များကို မြေပြင်နှင့်ကိုက်ညီအောင် အလေးအနက်ထားတင်ပြကြရန်လိုအပ်ပါကြောင်း၊ ထို့အပြင် မိမိတို့အနေဖြင့် ပြည်နယ်အတွင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစုလိုအပ်ချက်များကို စနစ်တကျ ဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် ပြည်နယ်အတွင်း ယခုနှစ်အတွက် မိုးစပါးစိုက်ဧက ၄၉၀၀၀၀ စိုက်ပျိုးနိုင်ခဲ့ရာတွင် နိုဝင်ဘာလကုန်အထိ မိုးစပါးဧကပေါင်း (၃၆၅၀၈၄) ရိတ်သိမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နွေစပါးစိုက်ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေးလျာထားဆောင်ရွက်မှု၊ ဆောင်းဆီထွက်သီးနှံအတွက် တိုးချဲ့စိုက်ဧကအတွက် လိုအပ်သောမျိုးစေ့များ ဖြန့်ဖြူးဆောင်ရွက်ပြီးစီးမှု၊ ဒေသတွင်း သား/ ငါးစားသုံးမှုအတွက် မွေးမြူထုတ်လုပ်မှုအခြေအနေများ၊ ဆန်စက်၊ ဆီစက်များ တိုးချဲ့ပြုပြင်တည်ထောင်သွားမည့် အစီအစဉ်များကို အသီးသီးတင်ပြကြသည်။

ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကဏ္ဍအလိုက် အမှန်တကယ်ဆောင်ရွက်နိုင်မည့် လုပ်ငန်းများကို ဦးစားပေး၍ ပန်းတိုင်အထွက်နှုန်းရရှိအောင် နှစ်အလိုက် စီမံဆောင်ရွက်သွားရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မန်ခိန်ရပ်ကွက်အတွင်းရှိ မြစ်ကြီးနားခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံး၌ ခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဝန်ထမ်းများနှင့်အတူ ဌာနဆိုင်ရာအရာထမ်း/ အမှုထမ်းများက မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များရှိ ရပ်ကွက်/ကျေးရွာမဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာမှုအပေါ် ကြည့်ရှုခဲ့ကြပြီး မဲစာရင်းတွင် အမည်မပါသူများက မဲစာရင်းတွင် ထည့်သွင်းပေးရန် ပုံစံ(၃)ဖြင့် လျှောက်ထားလာသည့် မဲဆန္ဒရှင်အမည်စာရင်းအား စိစစ်တိုက်ဆိုင်စစ်ဆေး၍ ရေးသွင်းဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ဝန်ထမ်းများအတွက် ချီးမြှင့်ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ ပမ္မတီး(ရေကြည်) ရပ်ကွက်အတွင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ရေကြည်ချောင်းရေထိန်းတံခါး စီမံကိန်းဧရိယာအတွင်း ဆည်မြောင်းမိသားစုဝင်များနှင့် ဧဝံ‌ဂေလိမိတ်သဟာယတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ်၊ ခရစ္စမတ်ပွဲသို့တက်ရောက်ပြီး ဝန်ထမ်းမိသားစုများ၊ ရေထိန်းတံခါးတည်ဆောက်ရေး လုပ်သားများနှင့်အတူ ဧဝံဂေလိမိတ်သဟာယမှ သိက္ခာတော်ရဆရာများ၏ ဦးဆောင်မှုဖြင့် ခရစ္စမတ်သီချင်းများ သီဆိုဆုတောင်းခြင်း၊ ခရစ်တော်မွေးနေ့သတင်းကောင်းဓမ္မဒေသနာကြားနာခြင်း၊ ကောင်းချီးတောင်း ခံဆုတောင်းပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ ရေကြည်ချောင်းရေထိန်းတံခါး စီမံကိန်းဧရိယာအတွင်း စက်ယန္တရားကြီးများဖြင့် စီမံကိန်းဧရိယာအား မြေယာရှင်းလင်းဆောင်ရွက်နေမှု၊ အောက်ခြေဖောင်ဒေးရှင်း တည်ဆောက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ပြည်နယ်ဦးစီးမှူး၏ လိုက်လံရှင်းလင်းတင်ပြမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး သတ်မှတ်ဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရမည့် လုပ်ငန်းစီမံကိန်းများအား အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ပြီးစီးရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီလိမိတက်(MAPCO)မှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး မြစ်ကြီးနားမြို့၌ တစ်နေ့လျှင် တန် ၁၂၀ ကျ ခေတ်မီဆန်စက်နှင့် သိုလှောင်ရုံတည်ဆောက်နိုင်ရေးအတွက် မြို့တော်မြစ်ကြီးနားမြို့၌ ဆန်စက်ကြီးမရှိသေးသည့်အတွက် မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီလီမိတက်မှ တန် ၁၂၀ ကျဆန် စက်တည်ထောင်လိုကြောင်းတင်ပြလာမှုအပေါ် ဌာနဆိုင်ရာလုပ်ထုံး လုပ်နည်း၊ ဥပဒေများနှင့်အညီ မြေနေရာရရှိရေးအတွက် ပြည်နယ်ဝန်ကြီးများ၊ သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးတို့နှင့် ညှိနှိုင်းပေါင်းစပ်၍ ဆွေးနွေးဆောင်ရွက်ပေးခဲ့သည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းကလည်း ပြည်နယ်အစိုးရအဖွဲ့ရုံး၌ တာဝန်ထမ်းဆောင်လျက်ရှိသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ တွဲဖက်တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းအဖွဲ့များအတွက် ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ဝန်ထမ်းတစ်ဦးလျှင် ပဲဆီ (၁)ပိဿာစီ၊ အသင့်စားခေါက်ဆွဲနှင့် ပဲဘူးများကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။