‎ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပူတာအိုမြို့၌ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၊ ၂၀၂၅-ခုနှစ် စုပေါင်းခရစ္စမတ်ပွဲတော်သို့ တက်ရောက်၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ပူတာအို ဒီဇင်ဘာ  ၁၉

             ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်း စားဆီဖူလုံရေးအတွက် ပူတာအိုမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည်  ဒီဇင်ဘာ(၁၉)ရက် နံနက် (၉)နာရီက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ Grade-12 ကျောင်းသား၊ ကျောင်းသူများ၊ ‌ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

‎          ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က လာမည့် ဒီဇင်ဘာ(၂၈)ရက်နေ့တွင် ကျင်းပပြုလုပ် မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး၊ မဲပေးခွင့်ရှိသူများ မဲပေးခွင့်ရရှိ‌ရေးတို့အတွက် ဌာနဆိုင်ရာများ၊ ပြည်သူများအားလုံးက အလေးအနက်ထား ဝိုင်းဝန်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊  ပူတာအိုခရိုင် ဒေသဝမ်းစာဆန်ဖူလုံရေးအတွက် အားလုံးက စည်းလုံးညီညွတ်စွာ ကြိုးပမ်းဆောင်ရွက်ခဲ့သဖြင့် ယခုအခါ ဒေသခံပြည်သူများအတွက် ဆန်ဖူလုံနေပြီဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း ပူတာအိုဒေသစားသုံးဆီဖူလုံရေးအတွက် ဆီမုန်ညှင်းမျိုး‌စေ့များကို ဖြန့်ဝေပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းပေးခြင်းဖြင့် စိုက်ဧက၊ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့်ပန်းတိုင်အထွက်နှုန်းရရှိ‌ရေးကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊  ပူတာအိုခရိုင်သည် အားကစားကဏ္ဍတွင်လည်း ပြည်နယ်အတွက်များစွာအကျိုးပြုသော အားကစားသမားကောင်းများ ပေါ်ထွက်ခဲ့သော ခရိုင်ဖြစ်သည့်အတွက် အားကစားဖြင့် ထူးချွန်သည့်လူငယ်များ ဆက်လက်မွေးထုတ်ပေးနိုင်အောင် ကြိုးစားကြရန်လိုပါကြောင်း၊ ယခုလို ခရစ္စမတ်ချိန်ခါတွင် တွေ့ဆုံရသည့် အတွက် ခရစ္စမတ်၏ငြိမ်သက်ခြင်း အားလုံးအပေါ်သက်ရောက်ပါစေကြောင်း ဆုမွန်ကောင်းအမှာ စကားပြောကြားသည်။

‎ ဆက်လက်၍ မြန်မာနိုင်ငံရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း ဒုတိယဥက္ကဋ္ဌ ဦးဖုန်ရိမင်နှင့် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးထွန်းတို့က ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ၊ စားဆီဖူလုံရေးအတွက် ညွှန်ကြားချက်အတိုင်း အကောင်အထည်ဖော်လျက်ရှိသည့် အခြေအနေများ၊   Grade-12 တက္ကသိုလ် ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်‌နေမှုများအား ရှင်းလင်းတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ပူတာအိုခရိုင်အတွင်း  တက္ကသိုလ်ဝင်တန်း Grade-12 အောင်ချက်မြှင့်မားရေးအတွက် ကျပ်သိန်း(၁၃၀)ကို ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းညွန့်ထံ ထောက်ပံ့ပေးအပ်ခဲ့သည်။

‎          ထို့မှတဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်  ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်၌ ကျင်းပပြုလုပ်သော ခရစ်တော်၏အသင်းတော် ပူတာအို-မချမ်းဘော သာသနာနယ်များ၏ စုပေါင်းခရစ္စမတ်ပွဲတော်သို့ တက်ရောက်အမှာစကားပြောကြားပြီး  ပြည်နယ်ဝန်ကြီးချုပ်က ပွဲဖြစ်မြောက်ရေးအတွက် အလှူငွေကျပ်သိန်း(၂၅)သိန်းကိုပေးအပ်လှူဒါန်းကာ ခရစ္စမတ်ဆုတောင်း ဝတ်ပြုခြင်းအစီအစဉ်တွင် ပါဝင်ဆက်ကပ်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပူတာအိုမြို့နယ် ဆာရ်ခွမ်ဒမ်းကျေးရွာ၌ နိုင်ငံ့စီပွားမြှင့်တင်ရေးရန်ပုံငွေပံ့ပိုးမှုဖြင့် ဆောင်ရွက်လျက်ရှိသော ပိုင်ရှင်ဒေါ်ဂျေအားနာ၏ သီးနှံမျိုးစုံစိုက်ပျိုးရေးခြံနှင့် ဝက်မွေးမြူရေးလုပ်ငန်းများကို လည်းကောင်း၊ ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေပံ့ပိုးမှုဖြင့် ဆောင်ရွက်လျက်ရှိသည့် ပိုင်ရှင်ဦးအားဖူဆီးမွန်၏ ကြက်ဆင်၊ ကြက်၊ ဘဲနှင့် ဝက်မွေးမြူရေးလုပ်ငန်းများကိုလည်းကောင်း၊ ပန်းလှိုင်ရပ်ကွက်၌ နိုင်ငံ့စီပွားမြှင့်တင် ရေးရန်ပုံငွေပံ့ပိုးမှုဖြင့် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနပိုင်မြေတွင် ငါးလုပ်ငန်းအစုအဖွဲ့ဖြင့် ငါးကန်များအတွင်း ငါးများ‌မွေးမြူထားရှိမှုနှင့် ငါးသားဖောက်လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်မှု၊ ငါးသားပေါက်များ ဖြန့်ဝေပေးနိုင်မှုတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဒေသအတွက် အမှန်တကယ် သား၊ငါးကဏ္ဍဖူလုံရန် ကြိုးစားရမည်ဖြစ်သည့်အတွက် လုပ်ငန်းများတိုးချဲ့ဆောင်ရွက်ကြ‌ရေးနှင့် ရန်ပုံငွေများကို တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်မတည်ပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။