မြစ်ကြီးနား ဒီဇင်ဘာ ၂၁
၂၀၂၅ ခုနှစ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ဆောင်းရာသီအသက်(၂၅)နှစ်အောက် ရပ်ကွက်/ ကျေးရွာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက ငြိမ်းချမ်းသာယာဖူဆယ်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်အားပေးချီးမြှင့်သည်။
အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲကို မြစ်ကြီးနားမြို့၌ ပထမဆုံးအကြိမ်အဖြစ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီကကြီးမှူး၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာပေါင်းစုံမှ ပြိုင်ပွဲဝင် ဖူဆယ်အသင်းပေါင်း (၂၅)သင်းဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ဗိုလ်လုပွဲစဉ်အဖြစ် တပ်ကုန်း (က)ရပ်ကွက်အသင်းနှင့် ကြက်ပေါင်ခြံရပ်ကွက်အသင်းတို့ အကြိတ် အနယ်ယှဉ်ပြိုင်ကစားမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အသီးသီးမှ ဒေသခံဖူဆယ်ဘောလုံးဝါသနာရှင်များတက်ရောက်အားပေးကြည့်ရှုခဲ့ကြရာ တပ်ကုန်းရပ်ကွက်(က)အသင်းက ခုနှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက ဘောလုံးပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီပံ့ပိုးပေးကြသည့် ဒိုင်အဖွဲ့၊ နောင်ရာဖူဆယ်မိသားစုနှင့် လူပုဂ္ဂိုလ်/ အဖွဲ့အစည်များအား ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများကို ပေးအပ်ကြသည်။
ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြိုင်ပွဲတစ်လျှောက် ဂိုးအကောင်းဆုံးဆု၊ အကောင်းဆုံးကစားသမားဆု၊ အသန့်ရှင်းဆုံးအသင်းဆုရ မန်ခိန်ရပ်ကွက်အသင်းတို့အား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ တတိယဆုရစီတာပူရပ်ကွက်အသင်းနှင့် ဒုတိယဆုရကြက်ပေါင်ခြံရပ်ကွက်အသင်းတို့အား တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပထမဆုရ တပ်ကုန်းရပ်ကွက်(က)အသင်းအား ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်များကိုပေးအပ်ချီးမြှင့်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၁၀)သိန်းနှင့် တံခွန်စိုက်ဆုဖလားတို့ကို ဂုဏ်ပြုချီးမြှင့်ခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းကလည်း မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ မန်ခိန်နှစ်ခြင်းအသင်းတော် ယာယီတိမ်းရှောင်စခန်း၌ ခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စုများအား ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်ဝန်ကြီးများက အိမ်ထောင်စု (၁၀၀) တို့အတွက် ဆန်(၂၄)ပြည်ပါ အိတ် (၁၀၀) အိတ်၊ ဆီပိဿာ (၁၀၀)၊ ကြက်ဥအလုံး (၃၀၀၀)တို့နှင့်အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးမိသားစုတို့က ခြုံစောင်အထည် (၁၀၀)တို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် စခန်းတာဝန်ခံတစ်ဦးက ထောက်ပံ့ပေးအပ်မှုများအတွက် ကျေးဇူးတင်စကားနှင့် စခန်းအတွင်းခိုလှုံနေထိုင်လျက်ရှိသော မိသားစုများအတွက် လိုအပ်ချက်များကိုတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အနေဖြင့်လည်း အိမ်ထောင်စုများကို တစ်လတစ်ကြိမ် ထောက်ပံ့ပေးအပ်မှုများရှိသကဲ့သို့ မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း ယာယီနေရပ်စွန့်ခွာပြည်သူများ နေထိုင်စားသောက်မှုအဆင်ပြေစေရေး စဉ်ဆက်မပြတ် ထောက်ပံ့ပေးအပ်လျက်ရှိသည့်အပြင် ယခုအခါဆောင်းရာသီရောက်ရှိပြီဖြစ်သည့်အတွက် ခြုံစောင်များကိုပါ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ အိမ်ထောင်စုများအနေဖြင့် ကျန်းမာရေးအလေးထားဂရုပြုနေထိုင်ကြရန်နှင့် မကြာမီရွေးကောက်ပွဲကျင်းပပြုလုပ်တော့မည်ဖြစ်သည့်အတွက် နေရပ်ပြန်နိုင်ရေးကို အားလုံးက ဝိုင်းဝန်းဆုတောင်းကြရန် လိုအပ်ပါကြောင်းနှင့် အိမ်ထောင်စုများ၏ လိုအပ်ချက်အပေါ် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်းကလည်း မြစ်ကြီးနားမြို့ စီတာပူ (ဆွတ်ငိုင်တောင်)ရပ်ကွက်အတွင်းရှိ ယာယီတိမ်းရှောင်စခန်းသို့ သွားရောက်ခဲ့ကြပြီး အိမ်ထောင်စုများအတွက် ခြုံစောင်အထည် (၁၀၀)၊ ဆန် (၂၄)ပြည်ပါ အိတ် (၁၀၀)အိတ်နှင့် ကြက်ဥများကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး အိမ်ထောင်စုများ၏ လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။



