မြစ်ကြီးနား ဒီဇင်ဘာ ၂၇
ကချင်ပြည်နယ်အတွင်းလာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးနှင့် ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးတို့သည် ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ပေါ်ရှိ မဲရုံများ ဖွင့်လှစ်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ကချင်ပြည်နယ်တာဝန်ခံနှင့် တိုင်းမှူးတို့သည် ပြည်နယ်/ ခရိုင်/ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားမြို့ သီတာရပ်ကွက် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ထားသည့် မဲရုံအမှတ် (၁၅)၌ မဲဆန္ဒရှင်စာရင်းများ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးမှ မဲရုံသို့ ပြောင်းရွေ့ကပ်ထားမှု အခြေအနေများ၊ မဲရုံအဝင်၌ မဲဆန္ဒရှင်ပြည်သူများ မဲပေးရာတွင် အထူးအလေးထား ဂရုပြုလိုက်နာနိုင်ရေးအတွက် သတိပေးတားမြစ်ချက်ဆိုင်းဘုတ်ထားရှိမှုအခြေအနေများ၊ လုံခြုံရေးဆိုင်ရာဆောင် ရွက်ထားရှိမှုများနှင့် မဲရုံအတွင်း မဲဆန္ဒနယ်အလိုက် မြန်မာအီလက်ထရောနစ်မဲပေးစက်များနှင့် မဲပေးနိုင်ရေး စနစ်တကျ ခင်းကျင်းပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်သူများ သတ်မှတ်မဲဆန္ဒနယ်အလိုက် လွယ်ကူချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရန် မဲရုံတာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးနိုင်ရေး၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအနေဖြင့် နည်း ဥပဒေ၊ လုပ်ငန်းလမ်းညွှန်ချက်များ နှင့်အညီ စနစ်တကျ ဆောင်ရွက်နိုင်ရေးနှင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်၊ ကချင်ပြည်နယ်တာဝန်ခံ၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ပေါ်၌ ဖွင့်လှစ်သွားမည့် မင်းရပ်ရပ်ကွက်အတွင်းရှိ မဲရုံအမှတ်(၃)၌လည်းကောင်း၊ အောင်နန်းရိပ်သာရပ်ကွက်အတွင်းရှိ မဲရုံအမှတ်(၈၉)၌ လည်းကောင်း၊ ရွှေညောင်ပင်ရပ်ကွက်အတွင်းရှိ မဲရုံအမှတ် (၈၃)၌လည်းကောင်း၊ လယ်ကုန်းရပ်ကွက် (နယ်မြေ-၄)အတွင်းရှိ မဲရုံအမှတ် (၇၃)၌ လည်းကောင်း ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများ ကြိုတင်ပြင်ဆင် ဖွင့်လှစ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ကချင်ပြည်နယ်တာဝန်ခံ၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မွန်းလွဲ ၃ နာရီတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး ခါကာဘိုရာဇီ အစည်းအဝေးခန်းမ၌ ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ရွေးကောက်ပွဲအရာရှိများ၊ တာဝန်ရှိသူများနှင့်အတူ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စွာ ပေါင်းစပ်ဆောင်ရွက်နိုင်ရေးနှင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။



