ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားပြည်သူ့ဆေးရုံ၌ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှုလုပ်ငန်းအား သွားရောက်ကြည့်ရှုအားပေး၊ ပဉ္စမအကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး၊ ယာယီတိမ်းရှောင် ဝန်ထမ်းများနှင့် မိသားစုများအားထောက်ပံ့

မြစ်ကြီးနား  ဇန်နဝါရီ ၂၁

          ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနက နိုင်ငံတော်သြဝါဒစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ နိုင်ငံ‌တော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် ကြီးများ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား ကျန်းမာရေးစစ်ဆေးမှု အစီအစဉ်ဆောင်ရွက်ပေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနား ကုတင်-၅၀၀ ဆံ့ပြည်သူ့ ဆေးရုံကြီး(၃)ထပ်လူနာဆောင်၌ ဆောင်ရွက်ခဲ့ကြသည်။

          အဆိုပါ ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှုလုပ်ငန်းကို ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော ထေရ်ကြီးဝါကြီး မထေရ်မြတ်ကြီးများနှင့် သီလရှင်ဆရာကြီးတို့အား ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာဝင်းမော်၊ သမားတော်၊ ခွဲစိတ်ဆရာဝန်ကြီးများ၊ အထူးကုများနှင့် သူနာပြုများက ကျန်းမာရေးစစ်ဆေးကုသပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဆရာတော်ကြီးများအား ဖူးမျှော်ကြည်ညိုခဲ့ကြကာ အလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

          ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ဆေးရုံလူနာဆောင်အတွင်း သွားနှင့်ခံတွင်း ကုသရေးအတွက် ခေတ်မီစက်ကြီးများတပ်ဆင်၍ ကုသပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် ၂၀၂၆ ခုနှစ်၊ ပဉ္စမအကြိမ် ထမင်းနဲထိုးပြိုင်ပွဲနှင့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်/ ခရိုင်/ မြို့ နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျင်းပပြုလုပ်ခဲ့သည်။

          အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့ရိုးရာအစဉ်အလာနှင့်မပျက် ကျင်းပမြဲဖြစ်သည့် ထမနဲထိုးပြိုင်ပွဲကို ဓလေ့ထုံးစံနှင့်အညီ စည်ကားစွာကျင်းပပြုလုပ်နိုင်ရေးနှင့် လာမည့်ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကိုလည်း ယခင်နှစ်များနှင့်မတူ ပြည်ထောင်စု၏ အနှစ်သာရကို ပေါ်လွင်အောင် ကျင်းပပြုလုပ်နိုင်ရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဆပ်ကော်မတီအဖွဲ့ဝင်များအနေဖြင့် လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်နိုင်ရေး ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရန်လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် တက်ရောက်လာကြသည့် လုပ်ငန်းဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက ပဉ္စမအကြိမ် ထမင်းနဲထိုးပွဲတွင် ပြိုင်ပွဲဝင်အသင်းပေါင်း (၂၀)၊ ထိုးပတ်အိုးစည်ပြိုင်ပွဲဝင်များဖြင့် ကျင်းပပြုလုပ်သွားမည့်အစီအစဉ်များ၊ ဆုများပေးအပ်ချီးမြှင့်သွားမည့် အစီအစဉ်များနှင့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားများအပြင် ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ ထည့်သွင်းကျင်းပပြုလုပ်သွားမည့်အစီအစဉ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်ကိစ္စရပ်များအပေါ် ဆပ်ကော်မတီအချင်းချင်းချိတ်ဆက်ပြီး အောင်မြင်အောင်ဆောင်ရွက်နိုင်ရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ အလေးထားဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          ထို့အတူ မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့နယ်စုပေါင်းရုံးအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်သည့် နယ်မြေအခြေအနေအရ ယာယီမ်းရှောင်နေကြသည့် ပညာရေးဝန်ထမ်းများနှင့် ဖားကန့် မြို့နယ်၊ မော်မောင်းလယန်ကျေးရွာနှင့် ဝိုင်းမော်မြို့နယ် ဒဘတ်ယန်ကျေးရွာများမှ ယာယီတိမ်းရှောင် ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

          အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက မြစ်ကြီးနားမြို့နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်နှင့် အင်ဂျန်းယန်မြို့နယ်များမှ တိမ်းရှောင်လာခဲ့ကြသော ပညာရေးဝန်ထမ်း (၂၁၄)ဦးတို့အတွက် စုစုပေါင်းငွေကျပ် ၁၂၀၅၈၉၀၀ တန်ဖိုးရှိ ဆန်(၂၄)ပြည်ပါအိတ် (၁၀၇) အိတ်၊ ဆီပိဿာ (၁၀၇)ပိဿာနှင့် ကြက်ဥများကိုလည်းကောင်း၊ ဖားကန့်မြို့နယ် မော်မောင်းလယန် ကျေးရွာနှင့် ဝိုင်းမော်မြို့နယ်ဒဘတ်ကျေးရွာများမှ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် နှစ်ခြင်း IDPs စခန်း၌ လာရောက်ခိုလှုံနေထိုင်လျက်ရှိသည့် အိမ်ထောင်စု ၂၈ စုတို့အတွက် စုစုပေါင်းငွေကျပ် ၂၈၄၇၆၀၀ တန်ဖိုးရှိ ဆန်(၂၄) ပြည်ပါအိတ် ၂၈ အိတ်၊ ဆီပိဿာ ၂၈ ပိဿာနှင့် ကြက်ဥများကိုလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြရာ ယာယီတိမ်းရှောင်ဝန်ထမ်းများနှင့် အိမ်ထောင်စုများကိုယ်စား ကျောင်းဆရာမတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြား သည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာပြည်နယ်ရုံးမှတစ်ဆင့် တွဲဖက်တာဝန်ထမ်းဆောင်ပြီး နိုင်ငံ့တာဝန်များကို ထမ်းဆောင်လျက်ရှိသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ယာယီတိမ်းရှောင်ပြည်သူများအတွက် လစဉ်ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်လျက်ရှိသည့်အပြင် မိမိတို့ ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့်လည်း လိုအပ်သည့် နေထိုင်မှု၊ စားသောက်မှုအဆင်ပြေစေရေး အတတ်နိုင်ဆုံး ဖြည့်ဆည်းကူညီပေးသွားမည်ဖြစ်ကြောင်း အားပေးပြောကြားခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာအုပ်စုအတွင်း မော်ဖောင်းမြို့ကွက်သစ် မြေကွက်နေရာချထားနိုင်ရေး ကော်မတီ၏ (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။

          အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မော်ဖောင်းကျေးရွာ အုပ်စုအတွင်း မြို့ကွက်သစ်မြေနေရာအား ဥပဒေလုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဖော်ထုတ်ဆောင်ရွက်ခဲ့သည့် မြေကွက်များကို စနစ်တကျ မြေကွက်မြေနေရာချထားနိုင်ရေး၊ လုပ်ထုံးလုပ်နည်းနှင့်အညီ နေရာချထားခြင်း၊ စီမံခန့်ခွဲခြင်းများကို ဆောင်ရွက်နိုင်ရာထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီဖြစ်စေရေး ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။