ကချင်ပြည်နယ်ဝန်ကြီးချုပ် Polytechnic University (Myitkyina)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့တက်ရောက်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ကချင်ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မြစ်ကြီးနား ဇန်နဝါရီ ၂၃

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ Polytechnic University (Myitkyina) ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။

          ရှေးဦးစွာ မောင်မယ်သစ်လွင်ကြိုဆိုပွဲ၌ ပြည်နယ်ဝန်ကြီးချုပ်က Polytechnic University မှာရှိသည့် ဘာသာရပ်အသီးသီးတွင် အင်ဂျင်နီယာမေဂျာ(၅)နှစ်နှင့် ကွန်ပျူတာမေဂျာ(၄)နှစ်စသည့် ပညာသင်ကာလများကို စတင်ဖြတ်သန်းကြတော့မည့် မောင်မယ်သစ်လွင်များကို ဂုဏ်ပြုကြိုဆိုပါကြောင်း၊ ကျောင်းသားဆိုသည်မှာ မိမိကိုယ်ကိုလည်း အကျိုးပြုရပြီး မိမိပတ်ဝန်းကျင်ကိုလည်း အကျိုးပြုနိုင်သည့် လူတော်၊ လူကောင်းများဖြစ်အောင် ကျင့်ကြံနေထိုင်သွားကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ရည်မှန်းချက်အတိုင်း ပန်းတိုင်ကိုရောက်ရှိရေး ကံ၊ ဉာဏ်၊ ဝီရိယ၊ ဇွဲ တို့ဖြင့် ပြီးမြောက်အောင် စွမ်းဆောာင်ကြရန်နှင့် တိုင်းပြည်နှင့် ပြည်နယ်အတွက် အကျိုးရှိသော လူငယ်ပညာတတ်များဖြစ်အောင် ကြိုးစားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မောင်မယ်သစ်လွင်ကြိုဆိုပွဲအတွက် ထောက်ပံ့ငွေကျပ် သိန်း ၂၀ ကို တာဝန်ခံပါမောက္ခချုပ် ဒေါက်တာမင်းမင်းဦးထံလည်းကောင်း၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် ကပြဖျော်ဖြေကြမည့် အကအဖွဲ့များအတွက် ငွေကျပ်သိန်း (၂၀)ကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။

          ထို့နောက် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာမင်းမင်းဦးက မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တက္ကသိုလ် စီနီယာကျောင်းသား/ ကျောင်းသူများက တေးသီချင်းသရုပ်ဖော်အကအလှများ၊ တိုင်းရင်း သားရိုးရာအကများ၊ တေးဂီတအစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

          ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ ညနေပိုင်းကလည်း ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကချင်ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြ သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေတတိယနှစ်စက်ဝန်းအတွက် ထုတ်ချေးပြီးစီးမှု၊ ဆောင်ရွက်ဆဲလုပ်ငန်းများအား လက်စွဲစာစောင်ပါ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ထားရှိမှုများ၊ လုပ်ငန်းများ ခွင့်ပြုခွဲဝေချထားပေးရာတွင် ငွေကြေးသုံးစွဲမှုနှင့် စာရင်းရှင်းတမ်းများကို စနစ်တကျပြုစုဆောင်ရွက်ရေး၊ စာရင်းစစ်ကန့်ကွက်ချက်မပေါ်ပေါက်အောင် ဆောင်ရွက်ကြရေးနှင့် လုပ်ငန်းများအရှိန်အဟုန်မပျက်တိုးမြှင့်ဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားသည်။

          ဆက်လက်၍ တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ရန်ပုံငွေခွဲဝေချထားသုံးစွဲမှုအခြေအနေများနှင့်စပ်လျဉ်း၍ ညွှန်ကြားချက်များကို ရှင်းလင်းဆွေးနွေးပြီး ကော်မတီအတွင်းရေးမှူး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ရန်ပုံငွေထုတ်ချေးပြီးစီးမှု၊ ကျန်ရှိမှုနှင့် ထပ်မံထုတ်ချေးဆောင်ရွက်မည့် အစီအမံများကိုလည်းကောင်း၊ ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် ရန်ပုံငွေခွဲဝေရရှိမှုအပေါ် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ ခရိုင်အဆင့်ကော်မတီဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်/မြို့နယ်များအလိုက် လုပ်ငန်း‌ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ရန်ပုံငွေများ ပုံမှန်လည်ပတ်နိုင်ရေးအတွက် အောက်ခြေအဆင့်ထိကွင်းဆင်း၍ ရင်းနှီးမတည်ပေးနိုင်ရေးနှင့် လိုအပ်သည်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ထို့အတူ အဆိုပါ အစည်းအဝေးခန်းမ၌ မြို့တော်မြစ်ကြီးနားမြို့နေပြည်သူများ အေးချမ်းလုံခြုံစွာနေထိုင်နိုင်ရေး၊ တရားဥပဒေစိုးမိုးရေးအတွက် ခေတ်မီလုံခြုံရေးအစီအမံများပါဝင်သည့် Safe City Project အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြပြီး Safe City Project အတွက် CCTV ကင်မရာများ တိုးချဲ့တပ်ဆင်သွားမည့် အစီအစဉ်များနှင့် နည်းပညာဆိုင်ရာလုပ်ငန်းများအပေါ် ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်သွားမည့် အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။