ကချင်ပြည်နယ်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း (Clean and Green School Award) ဆုများစိစစ်ရွေးချယ်

မြစ်ကြီးနား     ဇန်နဝါရီ  ၂၇

ကချင်ပြည်နယ် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း (Clean and Green School )  ဆုများစိစစ်ရွေးချယ်ရေးလုပ်ငန်းကော်မတီက ကချင်ပြည်နယ်အတွင်း ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်အတွက် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း (Clean and Green School Award)  ဆုများစိစစ်ရွေးချယ်ခြင်းကို ဇန်နဝါရီ ၂၇ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဆုများစိစစ်ရွေးချယ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးမိုးမင်းသိန်းက ဆုများစိစစ်ရွေးချယ်ရာတွင် သတ်မှတ်ထားသည့် အခြေခံစံနှုန်းများ၊ အညွှန်းကိန်းများနှင့်အညီ ကျောင်းများ၏ ကြိုးပမ်းလုပ်ဆောင်မှုများနှင့် အစီအစဉ်တကျတင်ပြနိုင်မှုများကို အဓိကစိစစ်အကဲဖြတ်ကြရေး ပြောကြားသည်။

ဆက်လက်၍ ကော်မတီဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း (Clean and Green School Award) ဆုအတွက် ကျောင်းများမှတင်ပြမှုအခြေအနေများကို ယခင်နှစ်များအတိုင်း စိစစ်ရွေးချယ်နိုင်ရေး ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ဆန်းနိုင်က ပြည်နယ်အတွင်း (Clean and Green School Award) ချီးမြှင့်နိုင်ရေးအတွက် ပါဝင်ယှဉ်ပြိုင်ကြသည့် ထက်၊ လယ်၊ မူအဆင့် ကျောင်း (၈) ကျောင်း၏ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောအစီအစဉ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ထားသည့် မှတ်တမ်းဗီဒီယိုများအား ဖွင့်လှစ်ပြသရာ ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များက ထက်၊ လယ်၊ မူ ကျောင်း အဆင့်အလိုက် အခြေခံ စနှုန်း/ အညွှန်းကိန်းများနှင့်အညီ စိစစ်ရွေးချယ်၍ ပထမ၊ ဒုတိယနှင့် တတိယဆုရ ကျောင်းများအား အတည်ပြုပေးခဲ့ကြကြောင်း သိရသည်။