ကချင်ပြည်နယ်ဝန်ကြီးချုပ် Grade-12 အောင်ချက်မြင့်မားရေး Face To Face သင်ကြားပို့ချနေမှုများအား ကြည့်ရှုအားပေး၊ ကချင်ပြည်နယ်လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆  ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး၊ ၂၀၂၆ ခုနှစ် လီဆူခေါ့ရှိနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် ဂုဏ်ပြုပွဲအခမ်း အနားသို့ တက်ရောက်အားပေးချီးမြှင့်

မြစ်ကြီးနား ဖေဖော်ဝါရီ ၁၉

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏တက္ကသိုလ်ဝင်တန်း (Grade-12) အောင်ချက်မြင့်မားရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ Face To Face သင်ကြားပို့ချပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

          ထိုသို့ ကွင်းဆင်းကြည့်ရှုအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အေးမြသီတာခန်းမ၌လည်းကောင်း၊ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၊ ရွှေသွေးခန်းမ၌လည်းကောင်း မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် ပုဂ္ဂလိကပိုင်အထက်တန်း ကျောင်းများမှ ကျောင်းသား/ ကျောင်းသူများအား မြစ်ကြီးနားတက္ကသိုလ်မှ ဘာသာရပ်အလိုက် ပါမောက္ခဌာနမှူးများနှင့် ဆရာ၊ ဆရာမများက လက်တွေ့သင်ကြားပို့ချနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူများအား အားပေးစကားပြောကြားကာ သင်ကြားရေးဆရာ/ ဆရာမများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။

          အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ Grade-12 ကျောင်းသား/ ကျောင်းသူများအား Face To Face သင်ကြားပို့ချပေးနေမှုကို အားပေးကြည့်ရှုကာ ပြည်နယ်ဝန်ကြီးချုပ်က သင်ကြားရေးဆရာ/ ဆရာမများအား ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် ကျောင်းသား/ ကျောင်းသူများအနေဖြင့် သင်ကြားမှုများအပေါ် ဂရုတစိုက်သင်ယူလေ့ကျင့်ကျက်မှတ်ထားကြရန် လိုအပ်ပါကြောင်း၊ ဂုဏ်ထူးများစွာဖြင့် အောင်မြင်အောင်ကြိုးစားကြစေလိုကြောင်း အားပေးပြောကြားကာ သင်ကြားရေးဆရာ၊ ဆရာမများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။

          ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ ညနေပိုင်းကလည်း ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ်လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ခုနှစ်အား အောင်မြင်စွာကျင်းပပြုနိုင်ရေးအတွက်  ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။

          အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က နေပြည်တော်တွင် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကို ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ထပ်ဆင့်ရှင်း လင်းဆွေးနွေးပွဲများ ဆောင်ရွက်နေပြီဖြစ်ပါသဖြင့် မိမိတို့ကချင်ပြည်နယ်တွင်လည်း ငြိမ်းချမ်းရေးလိုလားသော လူငယ်များ၏ အသံနှင့်မငြိမ်းချမ်းသောဒေသမှ လူငယ်များ၏ ခံစားချက်၊ အမြင်များနှင့် အကြံပြုချက်များကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးနိုင်ရေး လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး မိမိတို့အားလုံးက လိုအပ်ချက်မရှိအောင် ကြိုတင်စီမံဆောင်ရွက်သွားရမည်ဖြစ် ပါကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက လူငယ်ငြိမ်းချမ်းရေးဖိုရမ်အား မြစ်ကြီးနားတက္ကသိုလ်၌ ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် လူငယ်ကိုယ်စားလှယ်များအား ဖိတ်ခေါ်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက လူငယ်ငြိမ်းချမ်းရေးဖိုရမ် ကျင်းပပြုလုပ်သွားမည့် အသေးစိတ်အစီအမံများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်း တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဖိုရမ်အား အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးနှင့် မိမိတို့ဒေသရှိ လူငယ်များ၏ ငြိမ်းချမ်း‌ရေးလိုလားသည့် ခံစားချက်များ ကျယ်ကျယ်ပြန့်ပြန့်ပေါ်လွင်စေရေး ကြိုးစားကြရန်လိုကြောင်းနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် ညပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်အတွင်းရှိ  မြန်မာနိုင်ငံလီဆူစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီကကြီးမှူး၍ လီဆူရိုးရာယဉ်ကျေးမှုကွင်းအတွင်း ဖေဖော်ဝါရီ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်လျက်ရှိသည့် ၂၀၂၆ ခုနှစ်၊ လီဆူခေါ့ရှိ နှစ်သစ်ကူးအထိမ်းအမှတ် ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

          အဆိုပါ ဂုဏ်ပြုပွဲအခမ်းအနားတွင် မြန်မာနိုင်ငံလီဆူစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီ ဥက္ကဋ္ဌက လီဆူခေါ့ရှိနှစ်သစ်ကူးပွဲတော် ကျင်းပပြုလုပ်ရခြင်းကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ယခုလို လီဆူတိုင်းရင်းသားတို့၏ လီဆူခေါ့ရှိနှစ်သစ်ကူးပွဲတော်ကို လီဆူတိုင်းရင်းသား မျိုးနွယ်စုများနှင့်အတူ ပါဝင်ဆင်နွှဲခွင့်ရသည့်အတွက် ဝမ်းမြောက်ဝမ်းသာဂုဏ်ယူပါကြောင်း၊ လီဆူတိုင်းရင်းသားများအနေဖြင့် ယခုလိုစည်းစည်းလုံးလုံးဖြင့် နှစ်သစ်ကူးပွဲတော်ကို အတူတကွ ဆင်နွှဲကြသကဲ့သို့ မိမိတို့နိုင်ငံနှင့် မိမိတို့ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးတို့တွင် အားလုံးက ယခု လိုစည်းစည်းလုံးလုံးဖြင့် ပါဝင်ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်းတို့က လီဆူခေါ့ရှိနှစ်သစ်ကူးပွဲတော်အတွက် ထောက်ပံ့ငွေကျပ်သိန်း ၅၀ ကို ဗဟိုကော်မတီဥက္ကဋ္ဌထံပေးအပ်ခဲ့ကြပြီး ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် အလှူရှင်များက ဗဟိုကော်မတီအဖွဲ့တာဝန်ရှိသူများထံ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကာ လီဆူတိုင်းရင်းသားများ၏ တေးသီချင်း၊ ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် သီဆိုဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ဗဟိုကော်မတီနာယက ဦးအားဖူက ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် ပွဲတော်ကျင်းပပြုလုပ်ခဲ့မှုများကို ရှင်းလင်းတင်ပြသည်။

          ထို့နောက် လီဆူခေါ့ရှိနှစ်သစ်ကူးပွဲတော်ကာလအတွင်း ကျင်းပပြုလုပ်ခဲ့သော လီဆူတိုင်းရင်းသားမျိုးနွယ်စုတို့၏ ဒူးလေးပစ်ပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲ၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဂေါက်သီးရိုက်ပြိုင်ပွဲတို့တွင် ဆုရရှိသည့်အသင်းများနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီတို့အား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် လီဆူစာပေယဉ်ကျေးမှု ဗဟိုကော်မတီတာဝန်ရှိသူများက ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ လီဆူရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားများနှင့်အတူ လီဆူရိုးရာကွင်းအတွင်း ရိုးရာအကကို တစ်ပျော်တစ်ပါး စုပေါင်းဆင်နွှဲခဲ့ကြကြောင်းသိရသည်။