မြစ်ကြီးနား ဧပြီ ၂၄
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်သို့ သွားရောက်ခဲ့ကြပြီး ရပ်ကွက်တွင်း လမ်းများအဆင့်မြင့်တင်ထားရှိမှုနှင့် လမ်းဘေးဝဲ/ယာရေနှုတ်မြောင်းများ စနစ်တကျဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရွှေစက်ရပ်ကွက်အတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများက ရပ်ကွက်နယ်မြေ(၈)အတွင်း ကရိန်နော်သွားလမ်းမကြီးဘေး လမ်းသွယ်၌ လမ်းအဆင့်မြှင့်တင်ထားရှိမှုနှင့် လမ်းနှင့်အတူ ရေနှုတ်မြောင်းတူးဖော်ထားရှိမှုအပေါ် စနစ်တကျဆောင်ရွက်ပေးနိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစစ်ဆေးတွက်ချက်၍ နီးစပ်ရာဘတ်ဂျက်နှစ်တွင် ထည့်သွင်းလျာထားတင်ပြနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် အဆိုပါရပ်ကွက်အတွင်း ဆွမ်ပရာဘွမ်လမ်းမဘေးရှိ အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်းသို့ သွားရောက်ပြီး အဆိုပါကျောင်း ခြံဝင်းအုတ်တံတိုင်းကာရံပေးနိုင်ရေးနှင့် ယခင်ပညာသင်နှစ်အတွင်း ယာယီတိမ်းရှောင်မိသားစုများ၏ ကလေးငယ်များ ကျောင်းအပ်လက်ခံမှုကြောင့် ယာယီတိုးချဲ့စာသင်ဆောင်သစ် ဆောက်လုပ်ထားရှိမှုအပေါ် ယခုနှစ် ကျောင်းဖွင့်ချိန်တွင် ပြန်လည်ပြင်ဆင်ပေးနိုင်ရေးနှင့် ခြံစည်းရိုးနှင့် နှစ်ထပ်ကျောင်းဆောင်သစ်အတွက် ပညာရေးဝန်ကြီးဌာနက ချထားပေးထားသည့် အစီအစဉ်များကို ရပ်မိရပ်ဖများနှင့် ကျောင်းအုပ်တို့အား ရှင်းလင်းပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
