ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင် လျှပ်စစ်မီးယာယီပြတ်တောက်နေစဉ်ကာလ အတွင်း ပြည်သူများ အခက်အခဲလျော့နည်းစေရေး ဘုန်းတော်ကြီးကျောင်းများထံ စက်သုံးဆီများ သွားရောက်ဆက်ကပ်လှူဒါန်း

မြစ်ကြီးနား  ဧပြီ ၂၃

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ချီဖွေငယ်ရေအားလျှပ်စစ်စက်ရုံ ပြုပြင်ထိန်းသိမ်းနေစဉ် ကာလအတွင်း ပြည်သူများ ရေ၊ မီး အခက်အခဲဖြစ်ပေါ်မှု လျော့နည်းသက်သာစေရေး စီမံချက်ရေးဆွဲဆောင်ရွက်လျက်ရှိသည့်အပြင် စက်သုံးဆီများလိုအပ်ချက်များကို ဖြည့်ဆည်း‌ဆောင်ရွက်ပေးလျက်ရှိရာ ဧပြီ ၂၃ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ပေါ် ဘုန်းတော်ကြီးကျောင်းများသို့ စက်သုံးဆီများ သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ သာသနာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးနှင့်အတူ မြစ်ကြီးနားမြို့ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်သို့သွားရောက်ပြီး ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တကေတုမာလာအား ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လျှပ်စစ်မီးယာယီပြတ်တောက်သည့်ကာလအတွင်း ပြည်သူများ အခက် အခဲဖြစ်ပေါ်မှုလျော့နည်းစေရေးအပြင် ဘာသာရေးအဖွဲ့အစည်းများအတွက်ကိုလည်း လျှပ်စစ်မီး၊ ရေရှိရေးအတွက် စက်သုံးဆီ တတ်နိုင်သလောက်ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း လျှောက်ထားတင်ပြပြီး ဝန်းသိုကျောင်းတိုက်အတွက် ဆရာတော်ထံ စက်သုံးဆီတစ်ပေပါ (ဂါလံ ၅၀)ကို ဆက်ကပ်လှူဒါန်းခဲ့သည်။

          အလားတူ ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ပေါ် ခေမာသီရိရပ်ကွက် ခေမာသီဝံပရိယတ္တိစာသင်တိုက်၌ နိုင်ငံတော်သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တစန္ဒာဝရာဘိဝံသထံလည်းကောင်း၊ ယုဇနရပ်ကွက် ကျောင်းထိုင်ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်ထံလည်းကောင်း၊ ရန်ကြီးအောင်ရပ်ကွက်၊ မြို့ဦးကျောင်း ဆရာတော်ထံလည်းကောင်း စက်သုံးဆီ (၁)ပေပါစီအား သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်းနှင့် ကချင်ပြည်နယ်အစိုးရအဖွဲအနေဖြင့် အဆိုပါ ဘုန်းတော်ကြီးကျောင်းများအပါအဝင် မြစ်ကြီးနားမြို့ပေါ်ရှိ အပါး (၃၀)နှင့်အထက် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်း စုစုပေါင်း (၂၂)ကျောင်းတို့အတွက် လျှပ်စစ်မီးယာယီပြတ်တောက်ချိန်ကာလအတွင်း အခက်အခဲဖြစ်ပေါ်မှုလျော့နည်းစေရေးနှင့် အထောက်အကူဖြစ်စေရေး စက်သုံးဆီတစ်ကျောင်းလျှင် (၁)ပေပါနှုန်းဖြင့် စုစုပေါင်း (၂၂)ပေပါ လှူဒါန်းခဲ့ကြောင်း သိရသည်။