ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ဝင် ပြည်ထောင်စုလမ်းမကြီးဘေး ဝဲ/ယာ စိမ်းလန်းစိုပြေသန့်ရှင်းသာယာလှပရေးနှင့် Polytechnic Universityအတွင်းမိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

မြစ်ကြီးနား  မေ ၄

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့တော်မြစ်ကြီးနားမြို့အား စိမ်းလန်းစိုပြည်၍ သန့်ရှင်းသာယာလှပရေးအတွက် လုပ်ငန်းစီမံကိန်းများရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ယနေ့ နံနက်ပိုင်းက မြို့အဝင် ပြည်ထောင်စုလမ်းမကြီးနှင့် Polytechnic University အတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်း၊ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင်၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတင်အောင်တို့နှင့်အတူ ပြည်နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက်ရှိ အောင်ဇေရန်အောင်ဘုရားအနီး ပြည်ထောင်စုလမ်းမကြီးဘေးရှိ Welcome to Myitkyina ဆိုင်းဘုတ်နှင့် မေခပန်းဥယျာဉ်နေရာ၌ သန့်ရှင်းသာယာလှပရေးနှင့် ပန်းပင်များဝေဆာစွာ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်ဖွင့်လှစ်ပေးခဲ့သော မလိခဥယျာဉ်အတွင်း ဖြတ်သန်းစီးဆင်းသည့် မြို့သစ်ကြီးရေနှုတ်မြောင်းအား မိုးရာသီတွင် ဥယျာဉ်အတွင်း ရေမဝင်ရောက်စေရေး တာဘောင်မြင့်ခြင်းလုပ်ငန်းနှင့် ရေနှုတ်မြောင်းရှင်းလင်း၍ တိုးချဲ့ဆောင်ရွက်နိုင်ရေး၊ ဥယျာဉ်အတွင်းရှိ ဈေးဆိုင်များ စနစ်တကျနေရာချထားပေးနိုင်ရေး၊ ပိုမိုသန့်ရှင်းလှပစေရေး ခြံစည်းရိုးတစ်လျှောက် စက္ကူပန်းပင်များ စိုက်ပျိုးနိုင်ရေးနှင့် လိုအပ်သည့်နေရာများတွင် ဖြည့်စွက်ဆောင်ရွက်နိုင်ရေး စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် မြစ်ကြီးနားမြို့ဝင် ဆိုင်းဘုတ်နေရာတွင် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ယခင်နှစ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် စိုက်ပျိုးခဲ့သည့် အရိပ်ရအပင်ကြီးအမျိုးအစား သစ်ပင်များပြုစုထိန်းသိမ်းဆောင်ရွက်ထားရှိမှုနှင့် ယခုနှစ်တွင် အဆိုပါလမ်းမကြီးတစ်လျှောက် မော်ဖောင်းကျေးရွာအဝင်အထိ ထပ်မံတိုးချဲ့စိုက်ပျိုးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မြို့အဝင်နေရာဖြစ်သည့်အတွက် အရိပ်ရအပင်များဖြင့် စိမ်းလန်းစိုပြေစေရေးအတွက် လာမည့်မိုးရာသီတွင် စိုက်ပျိုးနိုင်ရေးနှင့် လမ်းဘေးဝဲ/ယာများတွင် သန့်ရှင်းသပ်ယပ်မှုရှိစေရေးအတွက် ခြုံနွယ်ပိတ်ပေါင်းများနှင့် အမှိုက်များ ရှင်းလင်းနိုင်ရေး၊ အမှိုက်စွန့်ပစ်မှုမရှိစေရေးအတွက် ပြည်သူများအား အလေးထားစည်းရုံးဆောင်ရွက်ကြရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်‌ပေးခဲ့သည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Polytechnic University(မြစ်ကြီးနား) ဝင်းအတွင်း ပြည်နယ်သစ်တောဦးစီးဌာနက ၂၀၂၆ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်အတွက် အရိပ်ရအပင်ကြီးများဖြစ်သည့် ပျိုးပင် ၁၅၀၀ စိုက်ပျိုးနိုင်‌ရေး မြေယာပြုပြင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ကျောင်းသား/ ကျောင်းသူများ အပန်းဖြေအနားယူနိုင်ရေးနှင့် ကိုယ်ကာလလေ့ကျင့်နိုင်‌ရေး စီစဉ်ဆောင်ရွက်ပေးထားသည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များ ဖြည့်ဆည်း‌ဆောင်ရွက်ပေးနိုင်ရေးမှာကြားခဲ့ကြောင်း သိရသည်။