ကချင်ပြည်နယ်ဝန်ကြီးချုပ် ရွှေဘို-မြစ်ကြီးနားကားလမ်း လမ်းဘေးဝဲ/ယာ၌ ပြည်နယ်လမ်းဦးစီးဌာန၏ ၂၀၂၆ ခုနှစ် မိုးရာသီ ပြည်နယ်အဆင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်

မြစ်ကြီးနား     ဇူလိုင် ၄
          ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပြည်နယ်လမ်းဦးစီးဌာနက ကျင်းပပြုလုပ် သည့် ရွှေဘို-မြစ်ကြီးနားကားလမ်း(ပြည်ထောင်စုလမ်းမကြီး) ကီလိုမီတာ ၄၇၀.၇၃ နှင့် ၄၇၃.၃၄ အကြား မြစ်ကြီးနားမြို့အထွက် လမ်းဘေးဝဲ/ ယာတစ်လျှောက် ၂၀၂၆ ခုနှစ် မိုးရာသီ ပြည်နယ်အဆင့် သစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၈ နာရီက အဆိုပါလမ်းဧရိယာအတွင်း ကျင်းပပြုလုပ်သည်။
          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်တို့က မိုးရာသီသစ်ပင်စိုက်ပျိုးအတွက် စိုက်ပျိုးသွားမည့် ပျိုးပင်များအား လမ်းဦးစီးဌာနနှင့် ပြည်နယ်အဆင့်ဌာန အဖွဲ့အစည်းများ၊ မော်ဖောင်းကျေးရွာနေပြည်သူများထံ ဖြန့်ဝေပေးအပ်ခဲ့ကြသည်။
          ထို့နောက် လမ်းဘေးဝဲ/ယာတစ်လျှောက် သတ်မှတ်နေရာအသီးသီး၌ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်စာရင်းစစ်ချုပ်တို့နှင့် အတူ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကျေးရွာနေပြည်သူများက အရိပ်ရအပင်ကြီးမျိုးများဖြစ်သည့် စိန်ပန်း၊ ပျဉ်းကတိုး စသည့် ပျိုးပင်များကို တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးပေးခဲ့ကြပြီး သစ်ပင်စိုက်ပျိုးပွဲတက် ရောက်၍ စိုက်ပျိုးပေးကြသူများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုက်လံနှုတ်ဆက် အားပေးခဲ့ကြကြောင်း သိရသည်။