ကချင်ပြည်နယ်ဝန်ကြီးချုပ် မော်ဖောင်းကျေးရွာအုပ်စုအတွင်း အားကစားနှင့်ကာယပညာသိပ္ပံကျောင်း မြေနေရာအပါအဝင် ဌာန/အဖွဲ့အစည်းများပိုင် မြေနေရာနှင့် ကျေးရွာတိုးချဲ့မြေနေရာဖော်ထုတ်နေမှု အခြေအနေများနှင့် ပလနကျေးရွာအုပ်စုအတွင်း မွေးမြူရေးဇုံ နယ်မြေအဖြစ် သတ်မှတ်အကောင်အထည်ဖော်နိုင်ရေး ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     ဇူလိုင် ၅
          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာအုပ်စုအတွင်း ကွင်းအမှတ်(၂၈၂)၊ အားကာကွင်းအတွင်း အားကစားနှင့်ကာယပညာသိပ္ပံကျောင်းမြေနေရာ၊ စက်မှုသင်တန်းကျောင်းမြေနေရာများ အပါအဝင် ဌာန/ အဖွဲ့အစည်းများနှင့် ကျေးရွာတိုးချဲ့မြေနေရာအတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီလျာထားသတ်မှတ်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယနေ့ မွန်းလွဲ ၁ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
          ရှေးဦးစွာ အဆိုပါမြေဧရိယာအတွင်း ကျေးရွာတိုးချဲ့မြေနေရာအတွက် အကွက်ချဆောင်ရွက်ပြီးစီး မှု အခြေအနေများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအတွက် ၅၆ ဧကကျော်နှင့် စက်မှုသင်တန်း ကျောင်းအတွက် ဧက ၃၀ သတ်မှတ်လျာထားမှု၊ ဌာန/ အဖွဲ့အစည်းများအတွက် ချထားပေးသည့် မြေနေ ရာများနှင့် ကုန်တင်ယာဉ်ကြီးများ ရပ်နားစခန်း၊ တန်(၁၂၀)ကျ ဆန်စက်တည်ဆောက်ရန် လျာထားပေး သည့်မြေနေရာများနှင့် အိမ်ရာကွက်ဖော်ထုတ်ရန် လျာထားသည့် မြေဧရိယာအတွင်း လုပ်ထုံးလုပ်နည်း နှင့်အညီ တင်ပြဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် လမ်းများ ဖောက်လုပ်ပြီးစီးမှု၊ လမ်းသွယ်များနှင့် မြေနေရာရှင်းလင်းရေးဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က အားကစားကွင်း၊ ပန်းခြံ၊ ဈေးစသည့် မြေနေရာများ သတ်မှတ်လျာထားနိုင်ရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး သတ်မှတ်ဧရိယာအလိုက် မြေရာပြုပြင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် မြေညှိရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပလနကျေးရွာအုပ်စု ကံကော်မြိုင်ကျေးရွာသို့ သွားရောက်ပြီး ကျေးရွာအတွင်းရှိ ငါးလုပ်ငန်းစခန်းဟောင်း ဧရိယာအား ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ငါးကန်များ ပြုပြင်ဆောင်ရွက်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ငါးမွေးမြူရေးလုပ်ငန်းများ အမြန်ဆုံးလည်ပတ်နိုင်ရေးအတွက် ငါးကန်များအတွင်း ငါးခုံမကြီး၊ မြက်စားငါးကြင်းစသည့် ငါးသားပေါက်ကောင်ရေ ၂၀၀၀၀ ကျော်အား စိုက်ထည့်ပေးခဲ့ကြကာ ငါးသားဖောက်ကန်များနှင့် ငါးကန်များ စနစ်တကျ ပြန်လည်တူးဖော် ၍ မွေးမြူရေးလုပ်ငန်း စတင်နိုင်ရေး၊ လိုအပ်သည့် နည်းပညာ၊ ငါးသားပေါက်များနှင့် ငါးစာများရရှိရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ပံ့ပိုးကူညီပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
          ယင်းနောက် အဆိုပါကျေးရွာအတွင်း ငွေပျော်စံပြကျေးရွာသွားလမ်းပေါ်မှတစ်ဆင့် စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်ကန်အသစ် အကောင်အထည်ဖော်ဆောင်ရွက်ထားသည့် မြေနေရာမှတစ်ဆင့် အဆိုပါ မြေဧရိယာအတွင်း မွေးမြူရေးဇုံအဖြစ် လျာထားသတ်မှတ် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိရာ နွား၊ ဝက်နှင့် ကြက်များ မွေးမြူနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် အမှိုက်ကန် နေရာအား လတ်တလောအသုံးချနိုင်ခြင်းမရှိသေးပါက ငါးမွေးတောင်သူများထံ မွေးမြူနိုင်‌ရေး ငှားရမ်းဆောင်ရွက်ပေးရန် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
          ဆက်လက်၍ အဆိုပါ မြေဧရိယာအတွင်း ပိုင်ရှင် ဦးသိန်းဟန်၏ ကြက်ခြံသို့ သွားရောက်ကာ ကြက်ခြံများအတွင်း အသားတိုးကြက် ကောင်ရေ ၂၀၀၀၀ ကျော် မွေးမြူထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ယင်းမြေဧရိယာအတွင်း နွားမွေးမြူရေးခြံများ၊ အသားတိုးဝက်နှင့် ကြက်ခြံများအတွက် လျာထားသတ်မှတ်ဆောင်ရွက်ထားရှိပြီး ဒေသတွင်း သား/ ငါးစားသုံးမှု ဖူလုံစေရေး မွေးမြူရေးဇုံနေရာအဖြစ် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ လိုအပ်သည်များကို လုပ်ထုံးလုပ်နည်းနှင့်အညီတင်ပြ ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။