ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးများ လီဆူလူငယ်ဖိတ်ခေါ်ဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်

မြစ်ကြီးနား     ဇူလိုင် ၅
          ကချင်ပြည်နယ်အတွင်း ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနေတိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ရေးအတွက် မျိုးနွယ်စုအလိုက် လူရွေးပွဲများကို ဖိတ်ခေါ်ဖလားအနေဖြင့် ကျင်းပပြုလုပ်လျက်ရှိရာ လီဆူမျိုးနွယ်စုများ၏ လီဆူလူငယ်ဖိတ်ခေါ်ဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ (လူရွေးပွဲ) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက ပြည်နယ် ဘောလုံးကွင်း၌ ကျင်းပပြုလုပ်သည်။
          အဆိုပါ ဗိုလ်လုပွဲသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာ၊ ရှမ်း၊ လီဆူ၊ ရဝမ် တိုင်းရင်းသားရေးရာဝန်ကြီးများဖြစ်ကြသည့် ဦးစိုးသိန်း၊ ဦးတင်အောင်၊ ဦးလီပေါ်ရဲ့နှင့် ဦးမယစ်ယောရှုတို့ တက်ရောက်အားပေးခဲ့ ကြပြီး ဗိုလ်လုပွဲစဉ်အဖြစ် ကြာရာပတ္တီးအသင်းနှင့် မြောက်ပိုင်းလီဆူအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြောက်ပိုင်းလီဆူအသင်းက ၈ ဂိုး ၃ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။
          ယင်းနောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်လီဆူတိုင်းရင်းသားရေး ရာဝန်ကြီးက ဘောလုံးပြိုင်ပွဲဖြစ်မြောက်ရေးအတွက်က ကချင်ပြည်နယ်အစိုးရအဖွဲ့က ပံ့ပိုးသည့် ငွေကျပ် ၁၀ သိန်းကို လီဆူစာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးအားဆီထံ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကော်မတီဥက္ကဋ္ဌက ဘောလုံးပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီဆောင်ရွက်ပေးကြသော အဖွဲ့အစည်း/ လူပုဂ္ဂိုလ်များ နှင့် အသင်းတော်အသီးသီးမှ ဖျော်ဖြေရေးအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးက နေရာအလိုက် အကောင်းဆုံးဆုရ အားကစား သမားများအားလည်းကောင်း၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီးက ဒုတိယဆုရရှိသည့် ကြာရာပတ္တီးအသင်းအားလည်းကောင်း၊ လီဆူတိုင်းရင်းသားရေးရာဝန်ကြီးက ပထမဆုရရှိသည့် မြောက်ပိုင်းလီဆူ အသင်းအားလည်းကောင်း တစ်ဦးချင်းလည်ဆွဲဆုတံဆပ်၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် တံခွန်စိုက်ဆုဖလားတို့ကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။