ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်ရုံး ဝန်ထမ်းများနှင့် ပြည်နယ်ရုံးတွင် ယာယီရုံးဖွင့်လှစ်၍ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့

မြစ်ကြီးနား     မေ ၃၁

          ကချင်ပြည်နယ်အစိုးရအဖွဲ့က ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ ပြည်နယ်ရုံးဝန်ထမ်းများနှင့် ပြည်နယ်ရုံးတွင် ယာယီရုံးဖွင့်လှစ်၍ တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေး အပ်ပွဲ အခမ်းအနားကို မေ ၃၀ ရက် ညနေပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ် သည်။

          အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မျိုးဆက်သစ်လူငယ်များ ပညာရည်မြင့် မားစေရန်၊ စိတ်ဓာတ်ကောင်းမွန်စေရေန်နှင့် နိုင်ငံအတွက် အကျိုးပြုနိုင်သော လူငယ်များဖြစ်လာစေရန် ပညာရေးထောက်ပံ့မှုများကို အစဉ်တစိုက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့ ဝန်ထမ်းများအနေ ဖြင့် မိမိတို့၏ သားသမီးများကို လိမ္မာရေးခြားရှိပြီး ထူးချွန်ထက်မြက်သည့် ပညာတတ်မျိုးဆက်သစ်များ ဖြစ်လာအောင် ပညာရေးကို ကျောင်းမထွက်စေဘဲ ဘွဲ့ရပညာတတ်များဖြစ်လာသည်အထိ အားပေးပြုစု ဆောင်ရွက်ကြရန်နှင့် နိုင်ငံသားကောင်းရတနာများဖြစ်အောင် ပံ့ပိုးကြိုးပမ်းကြရန်လိုကြောင်း တိုက်တွန်း မှာကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးချန်တန်ခင်၊ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် ဇနီးတို့က ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်ရုံးနှင့် ယာယီရုံးဖွင့်လှစ်၍ တာဝန်ထမ်းဆောင်နေကြ သော ဝန်ထမ်းများ၏ သားသမီးများမှ တက္ကသိုလ်အဆင့်တက်ရောက်သူ (၂၉)ဦးအပါအဝင် အထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့် မူကြိုတက်ရောက်ကြမည့် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း ၂၄၉ ဦး တို့အတွက် ပညာသင်ထောက်ပံ့ကြေး စုစုပေါင်းငွေကျပ် (၂၉၅၄၈၀၀၀)နှင့် တန်ဖိုးငွေကျပ် ၁၉၂၄၀၀၀၀ တန်ဖိုးရှိ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ လွယ် အိတ်၊ ထီး၊ ကျောင်းဝတ်စုံစသည့် ကျောင်းသုံးပစ္စည်းများဖြင့် စုစုပေါင်းငွေကျပ် ၄၈၇၈၈၀၀၀ ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြရာ ဝန်ထမ်းများကိုယ်စား ဌာနခွဲ စာရေး ဦးလာမြှာပေါ်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။