ကချင်ပြည်နယ်ဝန်ကြီးချုပ် မန္တလေး- မြစ်ကြီးနား ဆက်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ် နိုင်ခဲ့ပြီဖြစ်သဖြင့် နိုင်ငံတော်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ပေးပို့လာသည့် ဒုတိယအကြိမ် ဝင်ရောက်လာသော မော်တော်ယာဉ်များမှ ဆေးဝါးနှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်များ ပါရှိလာမှုအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     မေ ၃၁

          မန္တလေး-မြစ်ကြီးနားဆက်သွယ်‌ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သဖြင့် နိုင်ငံတော် အစိုးရအဖွဲ့အစီအစဉ်ဖြင့် ၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက်နေ့မှ ပေးပို့ခဲ့သည့် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ဒေသခံပြည်သူများအတွက် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္ဏည်းများ၊ ဆေးနှင့် ဆေးဝါးပစ္စည်းများ၊ ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များ၊ တပ်မတော်သားများနှင့် မိသားစုဝင်များ အတွက် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်များသည် ဒုတိယအကြိမ် အဖြစ် ကချင်ပြည်နယ်သို့ ရောက်ရှိလာခဲ့သည်။

ထို့သို့ မော်တော်ယာဉ်များ ရောက်ရှိလာမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် တပ်မတော်အရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက မြစ်ကြီးနားမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များနှင့် ဗလာစာအုပ်များ ပို့ဆောင်ပေးမှုကို လည်းကောင်း၊ မြစ်ကြီးနားမြို့ ကုတင်-၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး၌ ဆေးနှင့် ဆေးဝါးပစ္စည်းများကို လည်းကောင်း လာရောက်ပို့ဆောင်ပေးလာမှုကို တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက ကူညီသယ်ဆောင်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြကာ ကူညီဆောင်ပေးကြသော သူများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြပြီး ပြည်နယ်မီးသတ်တပ်ဖွဲ့ဦးစီးဌာနအတွက် ပြည်နယ်အစိုးရအဖွဲ့ အစီ အစဉ်ဖြင့် မှာယူခဲ့သော မီးသတ်ယာဉ် (၂)စီး ရောက်ရှိလာမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါလမ်းကြောင်းကို တပ်မတော်အနေဖြင့် အကြမ်းဖက် သောင်းကျန်းသူများ ယာယီစိုးမိုး၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် ဒေသများ၌ အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေး (Counter-Terrorism Operation) ဖြင့် မြို့ရွာများအား အဆင့်ဆင့် ပြန်လည်သိမ်းပိုက်၍ ပြည်သူလူထု အတွက် အရေးပါသည့် ဆက်သွယ်ရေးလမ်းကြောင်းများကို အပိုင်းလိုက် ပြန်လည်ဖွင့်လှစ်ပေးလျက်ရှိရာ မန္တလေး – မတ္တရာ – သပိတ်ကျင်း – တကောင်း – ထီးချိုင့် – ကသာ – အင်းတော် -မော်လူး – နန့်စီးအောင် – မိုးညှင်း – မိုးကောင်း – မြစ်ကြီးနား ဆက်သွယ်ရေးလမ်းကြောင်းတစ်လျှောက်အပြည့်အဝထိန်းချုပ်၍ ပြန်လည်ဖွင့်လှစ်ပေးလျက်ရှိသဖြင့် ယနေ့ ဒုတိယအကြိမ်အဖြစ် ပြည်သူလူထုအတွက် အရေးပါသည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဆေးနှင့် ဆေးဝါးပစ္စည်းများ၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ကို ပို့ဆောင်လာခြင်းဖြစ်ရာ အဆိုပါမော်တော်ယဉ်တန်းအား မေ ၂၂ ရက်နေ့က မန္တလေးမြို့မှ ထွက်ခွာလာ ခဲ့ခြင်းဖြစ်ပြီး ယနေ့ နေ့လည်ပိုင်းတွင်း မြစ်ကြီးနားမြို့သို့ ဝင်ရောက်လာခဲ့ရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မှ တာဝန်ရှိသူများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ က အောင်သပြေပန်းများ၊ အိုးစည်ဒိုးပတ်များဖြင့် လှိုက်လှဲဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြကြောင်း သိရသည်။