ကချင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ (၆/၂၀၂၆) လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ကျင်းပ

မြစ်ကြီးနား     ဇွန် ၁

          ကချင်ပြည်နယ်အတွင်း တရားမဝင်ကုန်သွယ်မှုများ လျော့နည်းပပျောက်စေရေးနှင့် တရားဝင် ကုန်သွယ်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိစေရေးအတွက် ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ (၆/၂၀၂၆)  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

          အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဥက္ကဋ္ဌ၊ ဗိုလ်မှူးကြီးကျော်သူရက တရားမဝင်ကုန်သွယ်မှုများနှင့် စပ်လျဉ်း၍ရုံးလုပ်ငန်းအဖွဲ့ အား စနစ်တကျဖွဲ့စည်းထားရန်၊ ပြည်နယ်/ ခရိုင်အထူးအဖွဲ့များအနေဖြင့် ကုန်သွယ်မှုလမ်းကြောင်း တစ်လျှောက်တွင်ရှိသည့် စစ်ဆေးရေးဂိတ်များ၊ နယ်စပ်ဝင်/ထွက်ဂိတ်များ၊ လေဆိပ်များမှ တရားမဝင် ကုန်စည်များ နေ့စဉ်ဖမ်းဆီးရမိမှုများနှင့် ပတ်သက်ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်ကြရေး၊ တရားမဝင်ကုန်ပစ္စည်းများ ထိထိရောက်ရောက် တားဆီးဖမ်းဆီးဆောင်ရွက်နိုင် ရေး ချမှတ်ထားသည့် မဟာဗျူဟာ၊ နည်းဗဟာများနှင့်အညီ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ပြီး အောင်မြင်အောင် အလေးအနက်ထား အကောင်အထည်ဖော်ဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်နှင့် ခရိုင်ကော်မတီအဖွဲ့ဝင်များက တရားမဝင် ကုန်သွယ်မှုများ လျော့နည်းပပျောက်စေရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အစီအမံများနှင့် စစ်ဆေးဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးက လုပ်ငန်းဆောင်ရွက်မှုများအပေါ် အချိန်နှင့် တစ်ပြေးညီ တင်ပြဆောင်ရွက်နိုင်ရေးနှင့် အရေးယူဆောင်ရွက်ပြီးစီးမှုများကိုလည်း ဥပဒေနှင့်အညီ မြန်မြန်ဆန်ဆန် ဆောင်ရွက်ကြ‌ရေးမှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ ကြောင်း သိရှိရသည်။