မြစ်ကြီးနား ဇွန် ၁၃
၂၀၂၆ ခုနှစ်၊ မိုးရာသီ (ပြည်နယ်အဆင့်) သစ်ပင်စိုက်ပျိုးပွဲတော်ကို ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်းကျင်းပပြုလုပ်ရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းထွန်းအေး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ ဦးဆောင်သည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ သစ်ပင်စိုက်ပျိုးပွဲတော်ကို ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်းက ၂၀၂၆ ခုနှစ်၊ နိုင်ငံတော်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို မြန်မာနိုင်ငံတစ်ဝှမ်းလုံး(၇၅)နေရာတွင် တစ်ရက်တည်း၊ တစ်ချိန်တည်း၊ တစ်ပြိုင်ပွဲတည်း သစ်ပင်ပေါင်း (၅၄၈၁၀)ပင်စိုက်ပျိုးသွားမည်ဖြစ်သည့်အတွက် ကချင်ပြည် နယ်မှာလည်း မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်းနှင့်ပူတာအိုမြို့မှာလည်း တစ်ပြိုင်တည်း စုစုပေါင်းပျိုးပင်မျိုးစုံ ၅၀၀၀ ပင်စိုက်ပျိုးသွားမှာဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သစ်ပင်စိုက်ပျိုးပွဲတော်တွင် စိုက်ပျိုးသွားမည့် ပျိုးပင်များအား ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းအသီးသီးနှင့် ရပ်ကွက်နေပြည်သူများထံ ဖြန့်ဝေပေးအပ်ခဲ့ကြပြီး ဘောလုံးကွင်းဘေးကွင်းပြင်ရှိ သတ်မှတ်နေရာအသီးသီး၌ ဌာနဆိုင်ရာများ၊ တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ စီတာပူရပ်ကွက်နေပြည်သူများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးကြီးကြပ်မှုစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အရပ်ဖက်လူမှုကူညီရေးအသင်းအဖွဲ့များက ပျဉ်းကတိုး၊ ရေပိတောက်၊ ကံ့ကော်၊ စိန်ပန်း၊ မန်ဂျန်ရှားစသည့် သစ်(၅)မျိုးပျိုးပင်စုစုပေါင်း (၁၀၀၀)ကိုတစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးခဲ့ကြပြီး တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးပေးကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စုအတွင်းရှိ ရွှေမိုးတောင်ပေါ်တွင် ကိန်းဝပ်စံပ္ပယ်တော်မူသည့် ရဟန္တာတစ်ထောင်ရှင်ပင်မြတ်စွာ ဆုတောင်းပြည့်စေတီတော်ကြီးပုရဝဏ်၌ ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဦးဆောင်ကျင်းပသော မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ဆက်လက်ကျင်းပခဲ့ရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက ယနေ့ ရွှေမိုးတောင်ဘုရားတောင်ကုန်းတွင် စုပေါင်းသစ်ပင်စိုက်ပျိုးကြမည်ဖြစ်သည့်အတွက် စိုက်ပျိုးရုံသာမက ရှင်သန်ကြီးထွားစေရေး ဝိုင်းဝန်းပြုစုထိန်းသိမ်း၍ ဝိုင်းမော်မြို့၏ စိမ်းလန်းစိုပြည်သော အထင်ကရနေရာတစ်ခုဖြစ်လာစေရေး ကြိုးစားကြရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်အမှုဆောင်အရာရှိ ဦးတင်မောင်ထွေးက မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်နှင့် ဝိုင်းမော်မြို့ စိမ်းလန်းစိုပြည်သာယာလှပရေးအတွက် အရိပ်ရပန်းပွင့်သည့် ပျိုးပင်များ ဆက်လက်စိုက်ပျိုးသွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက ဘုရားတောင်ကုန်းတွင် စိုက်ပျိုးသွားမည့် ပျိုးပင်များအား ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအသင်းအဖွဲ့များထံ ဖြန့်ဝေပေးအပ်ခဲ့ကြသည်။
ထို့နောက် ရွှေမိုးတောင်ဘုရားတောင်ကုန်းတစ်လျှောက် သတ်မှတ်နေရာအသီးသီး၌ စင်္ကာပူချယ်ရီ (၁၆၀) ပင်၊ သရခံ (၈၀)ပင်၊ ရေပိတောက် (၈၀)ပင်၊ သစ်အယ် (၈၀)ပင်၊ ကျောက်ခက် (၅၂)ပင်တို့ဖြင့် ပျိုးပင်စုစုပေါင်း (၄၂၅)ပင်အား တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးပေးခဲ့ကြသည်။
အဆိုပါ ၂၀၂၆ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် ဝိုင်းမော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြစ်ကြီးနား-ဗန်းမော်အဓိကလမ်းမကြီး၏ လမ်းဘေးဝဲ/ယာအပါအဝင်၊ ပန်းခြံများ၊ မြို့တွင်းလမ်းမများနှင့် မြို့ဝင်နေရာတို့တွင် နှစ်ရှည်အရိပ်ရပင်များ၊ ပန်းပွင့်သည့်အပင်များ စုစုပေါင်း ၈၉၀၀ ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။





