ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်း သား/ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်၊ မြစ်ကြီးနား နိုင်ငံ တကာပညာရေးဖိုရမ်(၂၀၂၆) Myitkyina International Education Forum(2026) ကျင်းပပြုလုပ်နိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး

မြစ်ကြီးနား ဇူလိုင် ၁၄


          ကချင်ပြည်နယ်၏ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြရာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက “အနာဂတ်လူရည်မွန်” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပေးကြသည်။
          အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် နိုင်ငံတော်အဆင့် အောင်ချက်ရာခိုင်နှုန်း (၅၄ ဒဿမ ၄၁)ရာခိုင်နှုန်းဖြင့် ပဉ္စမအဆင့်ကို ရရှိခဲ့ပါကြောင်း၊ ယခုလို ထူးချွန်အောင်ကြိုးစားခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများ၏ ဝီရိယဖြင့် ကြိုးပမ်းအားထုတ်မှု၊ မိဘအုပ်ထိန်းသူများ၏ ပံ့ပိုးကူညီမှု၊ ဆရာ၊ ဆရာမများ၏ ပညာရည်ပြည့်ဝအောင် သင်ကြားပျိုးထောင်ပေးမှုကို မှတ်တမ်းတင်ဂုဏ်ယူပါကြောင်း၊ ထို့အတူ ကျောင်းသား/ ကျောင်းသူများ အနေဖြင့်လည်း နိုင်ငံတော်က အားကိုးအားထားရသည့် ထူးချွန်ထက်မြက်သည့် ပညာရှင်ကြီးများဖြစ်အောင် ဆက်လက်ကြိုးစားကြစေလိုကြောင်း ဂုဏ်ပြုပြောကြားသည်။
          ဆက်လက်၍ ပြည်နယ်ပညာရေးမှူး ဦးနိုင်ဝင်းအောင်က ကချင်ပြည်နယ်၏ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့မှု အခြေအနေများ၊ ဂုဏ်ထူးရရှိခဲ့မှုအခြေအနေများ၊ ပညာရေးဆိုင်ရာကဏ္ဍများနှင့် ဆုတံဆိပ်များချီးမြှင့်ပေးအပ်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ကျောင်းသား/ ကျောင်းသူလေးများ တိုင်းရင်းသားရိုးရာအကဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
          ထို့နောက် ဂုဏ်ပြုဆုများကိုပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်ဇနီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူတို့က ကချင်ပြည်နယ်အတွင်း ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းတွင် နိုင်ငံတော်အဆင့် ဝိဇ္ဇာတွဲ(ဒသမ)အဆင့်ရရှိသူတစ်ဦး၊ ပြည်နယ်အဆင့်သိပ္ပံတွဲ၊ ဝိဇ္ဇာတွဲ၊ ဝိပ္ပံတွဲတို့တွင် အမှတ်အများ ဆုံးရရှိသူ(၃၁)ဦး၊ (၆)ဘာသာဂုဏ်ထူးရှင် (၃၁)ဦး၊ (၅)ဘာသာ(၇၁)ဦး၊ (၄)ဘာသာ (၁၂၅)ဦး၊ (၃)ဘာသာ (၁၄၉)ဦး၊ (၂)ဘာသာ (၂၇၆)ဦး၊ (၁)ဘာသာ (၆၇၆)ဦး စုစုပေါင်း (၁၃၂၈)ဦးတို့နှင့်အတူ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်တန်းတွင် (၃)ဘာသာဂုဏ်ထူးရ(၁)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၅)ဦးနှင့် (၁) ဘာသာဂုဏ်ထူးရှင်(၁၀)ဦးတို့အား ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများကိုလည်းကောင်း၊ အောင်ချက်အကောင်းဆုံး ခရိုင်/ မြို့နယ်ဆု၊ ကျောင်းဆုများနှင့် ဂုဏ်ထူးအများဆုံးရ ကျောင်းဆု၊ ဘာသာရပ်အလိုက် ဂုဏ်ထူးအများဆုံးရ ကျောင်းဆရာ၊ ဆရာမတို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြရာ ဆုရကျောင်းသားများက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြပြီး အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက တို့ကျောင်းတော် တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
          ကချင်ပြည်နယ်အတွင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၁၁၆၃၄)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ (၆၃၃၀)ဦး ဖြေဆိုအောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း (၅၄ ဒသမ ၄၁)ရာခိုင်နှုန်းဖြင့် နိုင်ငံတော်အဆင့် ပဉ္စမအဆင့်ရရှိခဲ့ကာ နိုင်ငံတော်အဆင့် ဝိဇ္ဇာဘာသာတွဲ(ဒသမ)အဆင့် (၁)ဦးအပါအဝင် ဂုဏ်ထူးရရှိသူဦးရေ (၁၃၂၈)ဦးထိရှိကြောင်းနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်တန်းတွင်လည်း (၂၀၀)ဦးဝင်ရောက်ဖြေဆိုခဲ့ပြီး (၇၃)ဦး အောင်မြင်ခဲ့ကာ ဂုဏ်ထူးရ (၁၀)ဦးထိရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
         ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ မြစ်ကြီးနားနိုင်ငံတကာပညာရေးဖိုရမ်(၂၀၂၆) (Myitkyina International Educational Forum-2026) ကျင်းပပြုလုပ်နိုင်ရေးအတွက် မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်၊ ဒီဂရီကောလပ်များမှ တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြသည်။
      အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားနိုင်ငံတကာပညာရေးဖိုရမ်(၂၀၂၆)ကို နိုင်ငံတော်အဆင့်၊ နိုင်ငံတကာအဆင့် မဟာဗျူဟာမြောက် အခမ်းအနားအဖြစ် သမိုင်းမှတ်တိုင်သစ်စိုက်ထူပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပရမည်ဖြစ်ပါကြောင်း၊ ဒါ့အပြင် မြစ်ကြီးနားရဲ့ သမိုင်းတစ်လျှောက်တွင် ပထမဆုံးအကြိမ်အဖြစ် အကြီးကျယ်ဆုံးနှင့် အခမ်းအနားဆုံးကျင်းပမည့် နိုင်ငံတော်အဆင့်၊ နိုင်ငံတကာပညာရေးညီလာခံကြီးဖြစ်ပါကြောင်း၊ ထို့အပြင် မိမိတို့ပြည်နယ်အစိုးရအဖွဲ့၏ အစွမ်းကုန်ပံ့ပိုးမှု၊ တက္ကသိုလ်အနေဖြင့်လည်း အနီးကပ်ဦးဆောင်မှုဖြင့် ပြည်နယ်၏ဂုဏ်ဒြပ်ကို ကမ္ဘာ့အလယ်မှာ မြှင့်တင်ပေးမည့် ပညာရေးဆိုင်ရာ ခြေလှမ်းသစ်လည်းဖြစ်ပါကြောင်း၊ ထို့အတူ ယခုဖိုရမ်သည် ပြည်နယ်၏ပညာအရည်အသွေးကို မြှင့်တင်ပေးရုံသာမက ကမ္ဘာလုံးဆိုင်ရာအမြင်နှင့် ဒေသတွင်းအလားအလာများကို ဟန်ချက်ညီညီစုစည်းချိတ်ဆက်ပေးပြီး ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးကို အရှိန်အဟုန်ဖြင့် အထောက်အကူပေးမည်ဖြစ်သည့်အတွက် အောင်မြင်ခမ်းနားစွာ ကျင်းပပြုလုပ်ရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
          ထို့နောက် မြစ်ကြီးနားတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာစိုးမိုးလွင်က နိုင်ငံတကာပညာရေးဖိုရမ်အား ပြည်နယ်ဖွံ့ဖြိုးရေးမှသည် နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် လူမှုစီးပွားတိုးတက်မှုဆီသို့ (From State Development to National Peace and Socio-Economic Prosperity)ဟူသော မဟာဗျူဟာမြောက် ရည်မှန်းချက်အမျှော်အမြင်ကို အခြေခံကျင်းပမည့်အကြောင်းနှင့် ဖိုရမ်ကျင်းပနိုင်‌ရေး အသေးစိတ်စီမံဆောင်ရွက်ထားရှိမှုတို့ကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ‌ဖိုရမ်ကျင်းပနိုင်ရေးကော်မတီများ ဖွဲ့စည်းထားရှိမှုအပေါ် လိုအပ်ချက်များကို ဖြည့်စွက်အကြုံပြုဆွေးနွေးတင်ပြခဲ့ကြသည်။
          ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဒေသအတွက် အလေးထားရမည့် ဖိုရမ်ဖြစ်သည့်အတွက် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ တာဝန်ရှိသူများ၊ ပညာရှင်များပါ ပူးပေါင်းပါဝင်စေရေး၊ ကော်မတီများအနေဖြင့်လည်း ဟန်ချက်ညီညီဖြင့် မိမိတို့တာဝန်များကို အလေးထားဆောင်ရွက်ကြရေးနှင့် လိုအပ်သည်များကို ကဏ္ဍအလိုက်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
          အဆိုပါ မြစ်ကြီးနားနိုင်ငံတကာပညာရေးဖိုရမ်(၂၀၂၆)ကို မြစ်ကြီးနားတက္ကသိုလ်တွင် နိုဝင်ဘာလအတွင်း ကျင်းပပြုလုပ်ရန် လျာထားပြီး ပြည်နယ်ဖွံ့ဖြိုးရေးမှသည် နိုင်ငံ၏ငြိမ်းချမ်းရေးနှင့် လူမှုစီးပွားတိုးတက်မှုဆီသို့ ဟူသော မဟာဗျူဟာမြောက် ရည်မှန်းချက်ဖြင့် ကျင်းပသွားမည်ဖြစ်ကာ အာဆီယံ ၁၀ နိုင်ငံအပြင် တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံများရှိ တက္ကသိုလ်အသီးသီးမှ ပညာရှင်များပါဝင်မည်ဖြစ်ပြီး စာတမ်းဖတ်ပွဲများ၊ ပညာရှင်များ၏ အထူးဟောပြောပွဲကဏ္ဍများ၊ ငြိမ်းချမ်းရေး၊ ပညာရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများနှင့် ဒေသထွက်ကုန်နှင့် သုတေသနအခြေပြုတီထွင်ဆန်းသစ်မှုပြပွဲများပါဝင်မည်ဖြစ် ကြောင်း သိရသည်။