တနိုင်း ဩဂုတ် ၇
ကချင်ပြည်နယ်၊ တနိုင်းခရိုင် (ဟူးကောင်းဒေသ) စားရေရိက္ခာဖူလုံရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် တနိုင်းမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အဖွဲ့သည် ဩဂုတ် ၆ ရက်က ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ နံနက် ၇ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း) ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ကျော်ဖုန်းအောင်၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ တနိုင်းမြို့ ဆင်(မ်)ဆာ့ကောင်းရပ်ကွက်အတွင်း အသစ်ဖွင့်လှစ်သည့် ဂုဏ်ပွင့်နိုင် စက်သုံးဆီအရောင်းဆိုင် ဖွင့်ပွဲသို့တက်ရောက်ပြီး စက်သုံးဆီဆိုင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တနိုင်းမြို့ အမှတ် ၂ အခြေခံပညာ အထက်တန်းကျောင်း၌ လမင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြာများပေးအပ်ခြင်း အခမ်း အနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လမင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြရာ ကျောင်းအုပ်ကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီး ချုပ်က ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြကာ ကျောင်းဝင်းအတွင်း ရေဝပ်မှု ဖြစ်ပေါ်သည့် အခြေအနေများနှင့် ကျောင်းအုတ်တံတိုင်း ကာရံပေးနိုင်ရေးအတွက် ထောက်ပံ့ငွေ များကို ပေးအပ်ခဲ့သည်။
ထို့နောက် တနိုင်းမြို့ ဟူးကောင်းခန်းမ၌ ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုလုပ်ငန်းတွင် ချေးငွေရယူဆောင်ရွက်လျက်ရှိသည့် တောင်သူများ၊လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့ တက် ရောက်သည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က တနိုင်းဒေသ စားရေရိက္ခာဖူလုံရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ပထမနှစ်စက်ဝန်းတွင် ငွေကျပ်သိန်း ၃၀၀၀၊ ဒုတိယ နှစ်စက်ဝန်း တွင် ငွေကျပ်သိန်း ၅၆၀၀ ၊ တတိယနှစ်စက်ဝန်းတွင် ငွေကျပ် ၇၀၈၀ သိန်း၊ ယခုစတုတ္ထနှစ်စက်ဝန်းတွင် ၃၅၉၀ သိန်း ထုတ်ပေးမတည်ထားခဲ့ပြီး ချေးငွေများအားလုံးအကျေပေးဆပ်နိုင်ခဲ့ကြသည့်အပြင် ဆက်လက်၍ လည်း မိမိတို့ကိုယ်ပိုင်လုပ်ငန်းများ တိုးတက်အောင်၊ ဒေသအကျိုးပြုအောင် တိုးချဲ့ဆောင်ရွက်ခဲ့ကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ လုပ်ငန်းဆောင် ရွက်ရာတွင် လိုအပ်ချက်များရှိပါက ပွင့်လင်းရင်းနှီးစွာ တင်ပြပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် တောင်သူများနင့် လုပ်ငန်းရှင်များက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်ချက် အခက်အခဲများနှင့် လုပ်ငန်း တိုးချဲ့ဆောင်ရွက်နိုင်ရေး ကဏ္ဍအလိုက်တင်ပြကြရာ လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကောင်ရာကျေးရွာသို့ သွားရောက်ပြီး ဝေဆူးပါလယ်ကွင်းအတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သဘာဝမြေသြဇာနှင့် ယူရီးယာမြေသြဇာ(၃း၁) ရောစပ်အသုံးပြုခြင်း ကွင်းသရုပ်ပြပွဲနှင့် မျိုးစေ့ချက်ကိရိယာ၊ ဓာတ်မြေ သြဇာနှင့် မျိုးစေ့များ ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများအနေဖြင့် စိုက်ပျိုးသည့် သီးနှံသည့် အထွက်တိုးပြီး ပန်းတိုင်အထွက်နှုန်းရရှိမှသာ စားနပ်ရိက္ခာများဖူလုံပြီး ဝင်ငွေတိုးပွားလာမည်ဖြစ် ပါကြောင်း၊ အပင်များကြီးထွားရေး၊ အထွက်နှုန်းမြှင့်တင်နိုင်ရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းစနစ် များ ပေါင်းစပ်ပြီး ဟန်ချက်ညီညီဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် စားနပ်ရိက္ခာ ဖူလုံရေးနှင့် စားသုံးဆီဖူလုံရေးအတွက် မိုးစပါးတစ်သီးသာ စိုက်ပြီး လှပ်ထားမည့်အစား ရိုးပြတ် မကျန် ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီပြီး ဈေးကွက်ရရှိမည့် သီးနှံများကို သီးထပ်သီးညှပ်ပုံစံဖြင့် စိုက်ပျိုးကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြိးချုပ်နှင့် တာဝန်ရှိသူများက တောင်သူများအတွက် စပါးမျိုးစေ့ ချကိရိယာများ၊ ကွန်ပေါင်းဓာတ်မြေသြဇာအိတ်များ၊ ဆီမုန်ညှင်းမျိုးစေ့အိတ်များ၊ ပဲပုတ်မျိုးစေ့ အိတ်များ၊ ဟင်းသီးဟင်းရွက်မျိုးစေ့များနှင့် ရွက်ဖျန်းမြေသြဇာအိတ်များကို အသီးသီးပေးအပ်ခဲ့ ကြပြီး စိုက်ပျိုးရေးဦးစီးဌာနက တောင်သူအသိပညာပေး ယူရီယားမြေသြဇာ၊ သဘာဝမြေသြဇာများအား (၃ အချိုး ၁) ရောစပ်သရုပ်ပြမှုနှင့် မိုးစပါးစိုက်ကွင်းအတွင်း ကွင်းသရုပ်ပြမြေသြဇာထည့် သွင်းကြဲပက်မှုကို တောင်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြကာ အဆိုပါ ဝေဆူးပါကွင်းအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကုန်ထုတ်လမ်း (၃/ ၃)မိုင်ဖောက်လုပ်ပေးသွားမည့်အစီအစဉ်များနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အဆိုပါမိုးစပါးစိုက်လယ်များအတွင်း ရေဝပ်ဧရိယာဖြစ်ပေါ် နေမှုကို ရေနှုတ်မြောင်းစနစ်တကျဖောက်လုပ်၍ အသုံးပြုနိုင်ရေး တောင်သူများ၊ ဌာနဆိုင်ရာများ အကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တနိုင်းမြို့ ကင်ဆားရာရပ်ကွက် အတွင်း အသားတိုးဝက်မွေးမြူရေး လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ပိုင်ရှင် ဦးဝင်းဦး၏ လွှမ်းထက်အောင် ဝက်မွေးမြူရေးခြံ၌ အသားတိုး ဝက်ကောင်ရေ ၇၀ ကျော်မွေးမြူထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး နည်းစနစ်တကျ မွေးမြူနိုင်ရေးနှင့် ဈေးကွက်တိုးချဲ့ဖြန့်ဖြူးနိုင် ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ တိရိစ္ဆာန် ဖြည့်စွက်အစာအိတ်များနှင့် မွေးမြူရေး အထောက်အကူပြု ဆေးဝါးပစ္စည်းများကို ပံ့ပိုးပေးအပ် ခဲ့ကြကြောင်း သိရသည်။




