မြစ်ကြီးနား သြဂုတ် ၃၁
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြန်မာမီးရထားခရီးစဉ်အား ပြည်နယ်အတွင်း ကျန်ရှိသည့် မိုးညှင်း-နန့်စီးအောင်ထိ ရထားလမ်းပိုင်း ပြုပြင်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြန်မာ့မီးရထားမှ တာဝန်ရှိသူများနှင့် ယနေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်တွေ့ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး၊ မြန်မာ့မီးရထားမှ တိုင်းတာဝန်ခံ ဦးဝဏ္ဍထွန်း၊ အင်ဂျင်နီယာ-မြို့ပြ(စက်မှု) ဦးအောင်မော်၊ တာဝန်ရှိသူများနှင့်အတူ ကချင်ပြည်နယ်အတွင်း မြန်မာ့မီးရထားခရီးစဉ်နှင့်စပ်လျဉ်း၍ ဆောင်ရွက်ရန် ကျန်ရှိသည့် မိုးညှင်း-နန့်စီးအောင် မီးရထားလမ်းပိုင်း (၂၂)မိုင်အား ဆက်လက်ပြေးဆွဲနိုင်ရေးအတွက် လမ်းပိုင်းနှင့် သံလမ်းတံတားများ စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများနှင့် မိုးညှင်း-နန့်စီးအောင်လမ်းပိုင်းရှိ ကာဒူ၊ မော်ဟန်၊ နန့်စီးအောင် ဘူတာ(၃)ဘူတာ အဆောက်အဦများအား စစ်ဆေးပြုပြင်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများ စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး အောင်နန်းရိပ်သာရပ်ကွက်၊ မြစ်ကြီးနားဘူတာယာဒ်ဝင်းအတွင်းရှိ မြေနေရာ ၂ ဒဿမ ၅၈ ဧကအား အလတ်စားဂေါက်သီးရိုက်လေ့ကျင့်ကွင်းအတွက် ငှားရမ်းလုပ်ကိုင်ခွင့် တောင်းခံလာမှုအပေါ် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။
ထို့အပြင် ယမန်နေ့ညနေပိုင်းကလည်း ပြည်နယ်ဘောလုံးကွင်းအတွင်း ရာပြည့်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျင်းပပြုလုပ်သည့် မိုးရာသီအားကစားပြိုင် အမျိုးသား/ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ တက်ရောက်ပြီး အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ဗန္ဓုလအသင်းနှင့် ဘုရင့်နောင်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကိုယ်ပိုင်ကျောင်း တာဝန်ရှိသူများ၊ သင်ကြားရေးဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ဘောလုံးအားကစားဝါသနာရှင်များနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြရာ ဘုရင့်နောင်အသင်းက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ဗိုလ်စွဲသည်။
ထို့နောက် ဆုများကို ပေးအပ်ချီးမြှင့်ရာ အားကစားပြိုင်ပွဲကျင်းပရေးအတွက် ပါဝင်ကူညီခဲ့ကြသော ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်က ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဖျော်ဖြေရေးအဖွဲ့များနှင့် ဒိုင်အဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ ကိုယ်ပိုင်ကျောင်းတာဝန်ရှိသူများက အမျိုးသမီးဘောလုံးပြိုင်ပွဲ တတိယနှင့် ဒုတိယဆုရအသင်းအား လည်ဆွဲဆုတံဆိပ်နှင့် ချီးမြှင့်ငွေများကိုလည်းကောင်း၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးက ပထမဆုရ အမျိုးသမီးအသင်းအတွက် တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်နှင့် ချီးမြှင့်ငွေများကို လည်းကောင်း၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက နေရာအလိုက်အကောင်းဆုံးနှင့် ပွဲစဉ်တစ်လျှောက်အကောင်းဆုံးဆုရ အားကစားသမားအားလည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက အမျိုးသားဘော လုံးပြိုင်ပွဲ တတိယဆုရအသင်းအားလည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ဒုတိယဆုရအသင်းအား လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရအသင်းအတွက် တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဆုဖလားတို့ကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

