ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်‌ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြည်နယ်အဆင့်ပြိုင်ပွဲအား (၃)ရက်ကြာ ကျင်းပပြုလုပ်သွားမည်

မြစ်ကြီးနား  စက်တင်ဘာ ၁
ကချင်ပြည်နယ်၏ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ပြည်နယ်အဆင့် ပြိုင်ပွဲအား မြစ်ကြီးနားတက္ကသိုလ်၌ (၃)ရက် ဗဟိုအဆင့်ပြိုင်ပွဲဝင်ရောက်မည့် ဘာသာရပ်၊ ပြိုင်ပွဲအမျိုးအစားအလိုက် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ယနေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမ၌ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းဆပ်ကော်မတီများနှင့်တွေ့ဆုံ၍ ညှိနှိုင်းအစည်းအဝေးမှ သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြည်နယ်အဆင့်ပြိုင်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးသာမက ပြိုင်ပွဲဝင် ရွေးချယ်လေ့ကျင့်၍ ဗဟိုအဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်အောင်မြင်မှုရရှိ‌ရေး အားလုံးကဝိုင်းဝန်းကြိုးစားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် လုပ်ငန်းဆပ်ကော်မတီအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြည်နယ်အဆင့် ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အဆင့် ပြိုင်ပွဲမှပြိုင်ပွဲဝင်များအား နေရာချထားပေးနိုင်ရေး၊ ပြိုင်ပွဲကျင်းပရေးအတွက် အခန်းကဏ္ဍအလိုက်၊ လုပ်ငန်းတာဝန်များအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားမည့် လုပ်ငန်းများအပေါ် ပေါင်းစပ်ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ရေးအတွက် လိုအပ်ချက်များ၊ အခက်အခဲများကို ကဏ္ဍအလိုက် တင်ပြကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။