မြစ်ကြီးနား စက်တင်ဘာ ၃
ကချင်ပြည်နယ်အတွင်း တစ်ဖက်တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးလုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်ရေး၊ တရားမဝင်ကုန်စည်များ ဝင်ရောက်မှုမရှိစေရေးနှင့် နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများရရှိရေးအတွက် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအတွင်း မြစ်ကြီးနားမြို့အဝင် ကုန်စစ်ဆေးရေးစခန်းဖွင့်လှစ်၍ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ကုန်စစ်ဆေးရေးစခန်း၌ လုပ်ငန်းဆောင်ရွက်နေကြသည့် OSS ရုံးအဖွဲ့ဝင် ဌာနဆိုင်ရာများ၏ သက်ဆိုင်ရာဌာနများအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို စစ်ဆေးကြည့်ရှုခဲ့ကြပြီး မှန်ကန်မြန်ဆန်စွာဖြင့် ဆောင်ရွက်ကြရေး၊ အထူး သဖြင့် ဒေသတွင်း စားသောက်ကုန်များ ပြတ်လပ်မှုမဖြစ်ပေါ်စေရေး ခွင့်ပြုထားသော ကုန်ပစ္စည်းများကို သတ်မှတ်ညွှန် ကြားချက်များနှင့်အညီ စစ်ဆေးခွင့်ပြုနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ကုန်စစ်ဆေးရေးခြံဝင်းအတွင်း ဌာနဆိုင်ရာများ၊ ကံပိုင်တည်ကုန်သည်များအသင်းမှ တာဝန်ရှိသူများနှင့်အတူ ခြံဝင်းအတွင်း ကုန်သွယ်ရေးလုပ်ငန်းဆောင်ရွက်သည့် မော်တော်ယာဉ်ကြီးများ စနစ်တကျရပ်နား၍ ကုန်စစ်ဆေးမှုလုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်ရေး၊ ယာဉ်စစ်ဆေးရေးစင် အမြန်ဆုံးတည်ဆောက်နိုင်ရေးနှင့် ကုန်စစ်ဆေးရေးကွင်းအတွင်း သတ်မှတ်ချက်နှင့်အညီ ပြင်ဆင်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ကုန်တင်ယာဉ်များပါ သွင်းကုန်ပစ္စည်းများ စစ်ဆေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့အပြင် ယမန်နေ့ မွန်းလွဲပိုင်းကလည်း မိုးသည်းထန်စွာရွာသွန်းပါက မြစ်ကြီးနားမြို့ရှိ မြေနိမ့်ရပ်ကွက်များရှိ လမ်းမများနှင့် လူနေအိမ်များတွင် ရေဝပ်တင်ကျန်မှုများ ဖြစ်ပေါ်မှုကြောင့် ပြည်နယ်ဝန်ကြီးသည် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ မြို့ပေါ်ရပ်ကွက်တစ်ချို့တွင် မိုးများ၍ ရေဝပ်တင်ကျန်မှုနှင့်စပ်လျဉ်း၍ မြို့တွင်းမြောင်းသွယ်များမှတစ်ဆင့် ပင်မမြောင်းကြီး(၅)ခုမှ ရေထုတ်နေသည့် အခြေအနေများ၊ မြောင်းသွယ်များအတွင်း အမှိုက်များပိတ်ဆို့မှု၊ ရေမြောင်းဧရိယာအတွင်း လူနေအိမ်/ ဆိုင်ခန်းများ တိုးချဲ့မြေဖို့မှုတို့နှင့် မြောင်းကျော် Box Culvert များ၊ ရေမြောင်းကွေ့နေရာများတွင် ရေလျှံမှုဖြစ်ပေါ်ခဲ့သည့် အခြေအနေများကို ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင်၊ စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး၊ မြို့နယ်အမှု ဆောင်အရာရှိ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပင်မမြောင်းမကြီးများနှင့် မြောင်းသွယ်များ ရေစီးဆင်းမှုအခြေအနေများကို မြေပြင်ကွင်းဆင်းစစ်ဆေး တင်ပြနိုင်ရေး၊ အုပ်ချုပ်ရေးမှူးများအနေဖြင့်လည်း ရပ်ကွက်နေပြည်သူများ ရေနှုတ်မြောင်းများအတွင်း အမှိုက်စွန့်ပစ်မှု/ ကျူးကျော်မှုမရှိစေရေး ပူးပေါင်းပါဝင်လာအောင် စည်းရုံးဆောင်ရွက်ရေးနှင့် အထူးသဖြင့် ပြည်သူများ၏ အသံကိုနားထောင်၍ အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးကြရေး မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ရေဝပ်တင်ကျန်မှု အများဆုံးဖြစ်ခဲ့သည့် ခေမာသီရိရပ်ကွက်အတွင်း လမ်းသွယ် ၁၀ အနီး အမှတ် ၃ ရေနှုတ်မြောင်း ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပင်မမြောင်းအတွင်း စီးဝင်သည့် မြောင်းသွယ်များ ပိတ်ဆို့မှုဖြစ်ပေါ်ခဲ့သည့် အခြေအနေများကိုလည်းကောင်း၊ ရမ်ပူရပ်ကွက်အတွင်း ဖြတ်သန်းစီးဆင်းသည့် အမှတ် ၄ ပင်မရေနှုတ်မြောင်း ဖြတ်သန်းစီးမှုအပေါ် မြောင်းသွယ်များစီးဝင်မှုနှင့် Box Culvert များ ဆုံသည့်နေရာများတွင် ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ရမည့် အခြေအနေများကိုလည်းကောင်း ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လက်ရှိရေဝပ်တင်ကျန်မှုဖြစ်စဉ်အပေါ် အမြန်ဆုံးဖြေရှင်းပေးရမည်ဖြစ်ပြီး ရေရှည်အတွက် ပင်မမြောင်းများနှင့် မြောင်းသွယ်များအား မြေပြင်ကွင်းဆင်းစစ်ဆေး၍ စနစ်တကျဆောင်ရွက်နိုင်ရေး ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းစီမံကိန်းများ ရေးဆွဲဆောင်ရွက်ထားရှိရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။





