မြစ်ကြီးနား စက်တင်းဘာ ၁၇
ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့အား မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်း၍သာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေး ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင်သည် ယနေ့ နံနက်ပိုင်းက စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ရေစင်ကွင်းဈေး၊ အမှတ် (၁)ဈေး နှင့် အမှတ် (၂)ဈေးများအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် ဈေးရောင်း/ ဈေးဝယ်များ ရောင်းဝယ်ဖောက်ကားနေမှု အခြေအနေများအားလည်းကောင်း၊ ထိုမှတစ်ဆင့် ကမ်းနားလမ်း၊ သခင်နက်ဖေလမ်းနှင့် တပင်ရွှေထီးလမ်းများ ဘေးဝဲ/ယာတစ်လျှောက် သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြေမှုရှိစေရေး လှည့်လည် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထိုနောက် ပြည်နယ်ဝန်ကြီးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ အင်ဂျင်နီယာများနှင့်အတူ ဈေးကြီးလမ်းတစ်လျှောက် ခေမာသီရီရပ်ကွက်၊ ယုဇနရပ်ကွက်နှင့် မြေမြင့်ရပ်ကွက်တို့အား ဖြတ်သန်းဖောက်လုပ်ထားသော အရှည်ပေ(၆၀၀၀)ရှိ လမ်းဘေးဝဲ/ယာ ရေနုတ်မြောင်းတစ်လျှောက် အမှိုက်များ ပိတ်ဆို့မှုမရှိစေရေး၊ ရေစီးရေလာ ကောင်းမွန်ရေးနှင့် ရေနှုတ်မြောင်းပေါ်တွင် တည်ဆောက်ထားသော ဆိုင်ခန်းများဖယ်ရှားနိုင်ရေး ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။





