မြစ်ကြီးနား အောက်တိုဘာ ၁
၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်သော (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပြည်သူ့အားကစားကွင်းအတွင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပြီး ပြည်နယ်အတွင်း မှုခင်းကျဆင်းရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတာဝန်များကို စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့ကြသော ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်က ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုအမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဦးထိပ်ပန်ဆင်ထားသော သစ္စာ၊ သမာဓိ၊ သတ္တိ ဆိုသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်နှင့် ပြည်သူအပေါ် သစ္စာရှိစွာ တာဝန်ထမ်းဆောင်သွားရမည်ဖြစ်ပါကြောင်း၊ ထိုသို့ တာဝန်ထမ်းဆောင်ရာတွင်လည်း အမှန်တရားအတွက် စွန့်လွှတ်စွန့်စားစိတ်ဖြင့် သတ္တိရှိရှိရဲရင့်စွာ ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ပြည်သူလူထု၏ လိုအပ်ချက်များကို ဥပဒေနှင့်အညီ အကူအညီပေးပြီး ပြည်သူပူးပေါင်းပါဝင်သည့် ရဲလုပ်ငန်းစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်၊ တပ်ဖွဲ့၏ဂုဏ်သိက္ခာကို ထိန်းသိမ်းမြှင့်တင်ပေးသည့် တပ်ဖွဲ့ဝင်များဖြစ်စေရေး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်တည်ကြည်ပြီး အဂတိကင်းရှင်းစွာ ဆောင်ရွက်သွားကြရန်နှင့် အမိနိုင်ငံတော်နှင့် ပြည်သူအတွက် ပေးအပ်ထားသည့် တာဝန်များကို ဦးလည်မသုန်ထမ်းရွက်နိုင်သည့် တပ်ဖွဲ့ဝင်ကောင်းများဖြစ်အောင် အစဉ်ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။
ထို့နောက် ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမျိုးဆွေက (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ထံမှ ပေးပို့လာသည့် သဝဏ်လွှာကို ဖတ်ကြားသည်။
ယင်းနောက် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနှင့် ဇနီးတို့က စွမ်းရည် သတ္တိဆုရတပ်ဖွဲ့ဝင်များ၊ ပြည်နယ်အတွင်း မှုခင်းကျဆင်းရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်း တာဝန်များကို စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ခဲ့ကြသော ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများနှင့် နေအိမ်လိုင်းခန်းသန့်ရှင်းရေး အကောင်းအဆုံးဆုရသူများအားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ အခမ်းအနားတက်ရောက်လာသူများနှင့်အတူ (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံရဲဌာနချုပ်မှ ပေးပို့လာသော မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လှုပ်ရှားဆောင်ရွက်မှုမှတ်တမ်း ဗီဒီယိုကလစ်ကို ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းမှူးနှင့်တာဝန်ရှိသူများသည် ကချင်ပြည်နယ်ရဲတပ်ဖွဲ့၏ ပြည်နယ်အတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ရည်မှန်းချက်တာဝန်(၄)ရပ်အပေါ် ဆောင်ရွက်ချက်များနှင့် ပြည်နယ်အတွင်း မှုခင်းကျဆင်းရေး၊ ရပ်/ရွာအေးချမ်းသာယာရေး ဆောင်ရွက်ချက်များအား ခင်းကျင်းပြထားသည့် ပြခန်းကိုလှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်းသိရသည်။





