ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ ပြည်နယ်အဆင့်အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်၊ ရေကြည်ချောင်း ရေထိန်းတံခါးလုပ်ငန်းစီမံကိန်းအား သွားရောက်ကြည့်ရှုစစ်ဆေး၊ မြန်မာ့သိုင်းနှင့် ပိုက်ကျော်ခြင်းအသင်းတို့အား ဂုဏ်ပြုချီးမြှင့်
မြစ်ကြီးနား သြဂုတ် ၂၁ ၂၀၂၅ ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ ပြည်နယ်အဆင့်အထိမ်းအမှတ် အခမ်းအနားကို ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကကြီးမှူး၍ ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမှာစကားပြောကြားသည်။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေးနှင့် လူတိုင်းရောဂါဘယကင်းရှင်းရေးအတွက် ပြည်သူအားလုံးအာဟာရပြည့်ဝမျှတရေးသည် အဓိကအခြေခံအကျဆုံး လိုအပ်ချက်တစ်ခုဖြစ်ပါကြောင်း၊ အာဟာရပြည့်ဝခြင်းသည် လူတစ်ဦးတစ်ယောက်၊ မိသားစုတစ်စုကစလို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အရေးပါသည့် အခန်းကဏ္ဍတွင် တည်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ အာဟာရပြည့်ဝစွာ စားသောက်နေထိုင်တတ်သည့် လူမှုပတ်ဝန်းကျင်များဖြစ်လာစေရေး အသိပညာ၊ အမူအကျင့်ကောင်းများရရှိစေရန်၊ အဟာရပြည့်ဝပြီး ကာယနှင့် ဉာဏဖွံ့ဖြိုးသည့် မျိုးဆက်သစ်လူငယ်များပေါ်ထွက်လာစေရေးအတွက် မိခင်နို့တိုက်ကျွေးခြင်းမှ အစပြုပြီး အသက်အရွယ်အလိုက် အာဟာရစောင့်ရှောက်ခြင်း လုပ်ငန်းများ ပိုမိုခိုင်မာအောင် အရှိန်အဟုန်မြှင့်တင်ပြီး အားလုံးပူးပေါင်း ရင်းနှီးမြှုပ်နှံဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။…