မြစ်ကြီးနား ဇူလိုင် ၁၉
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ဧက ၁၀၀ တင်း ၁၀၀ စံပြစိုက်ကွက် အတွင်း တောင်သူများအနေဖြင့် မိုးစပါးစိုက်ပျိုးနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၇ ရက် ညနေ ၄ နာရီခွဲက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဒေသခံတောင်သူများအား သွားရောက်တွေ့ဆုံသည်။
ထိုသို့ တောင်သူများ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က လယ်မြေများကို စံပြစိုက်ကွက် အဖြစ်သတ်မှတ်ပြီး ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေး၊ လယ်မြေများအားလုံး အခြားနည်း အသုံး ချမှုမရှိစေရေး၊ တစ်နှစ် နှစ်သီးမှ သုံးသီးအထိ စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေးသွင်းအားစုများအပြင် စံပြ စိုက်ကွက်တစ်ခုလုံး သာယာလှပလာစေရေး ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များနှင့် ရာသီမရွေး စိုက်ပျိုးရေလုံလောက်မှုရှိစေရေး စက်ရေတွင်း(၈)တွင်း၊ ဆိုလာစနစ်ဖြင့် ရေတွင်း (၂)တွင်း တူးဖော် ပေးထားသည့်အပြင် ရေတွင်းများ ဆက်လက်တူးဖော်ပေးသွားမည့် အစီအစဉ်များကို ရှင်းလင်းပြော ကြားသည်။
ထို့နောက် တောင်သူများနှင့်အတူ တပ်ကုန်းကွင်းအတွင်းရှိ လယ်မြေများအတွင်း မိုးစပါး စိုက်ပျိုးနိုင်ရေး စက်ရေတွင်းများမှ တစ်ဆင့် လက်တံမြောင်းများသို့ ရေသွင်းဆောင်ရွက်ထားရှိမှု အခြေအနေများ၊ တောင်သူများ၏ လယ်မြေသို့ ဝင်/ထွက် လှည်းလမ်း ဆောင်ရွက်ပေးနိုင်ရေးနှင့် လိုအပ်ချက်များတင်ပြမှုအပေါ် လယ်ကွင်းများသို့ တိုက်ရိုက်ဝင်ရောက်နိုင်သည့် လမ်းများမှတစ်ဆင့် လက်တံများမြောင်းများအား ရေကျော်ပြုလုပ်၍ ဝင်/ထွက်လမ်းများ ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် အင်ဂျန်းခချောင်းအား ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် အရှည်ပေ ၁၀၀၀၀ ပြန် လည်တူးဖော်ပြီး အဆိုပါပင်မမြောင်းနှင့် လက်တံမြောင်းများ ချိတ်ဆက်ဆောင်ရွက်ထားရှိမှု အခြေ အနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆောင်းရာသီ သီးထပ် သီးညှပ်များ စိုက်ပျိုးနိုင်ရေး စက်ရေတွင်း၊ ဆိုလာရေတွင်းများမှ ရေများအား လက်တံမြောင်းများမှ တစ်ဆင့် ပင်မမြောင်းအတွင်း ရေသွင်း၍ ဆိုလာစနစ်သုံး ရွေ့လျားရေတင်စက်ဖြင့် ရေသွင်းနိုင်ရေး၊ ပင်မမြောင်းမကြီး တစ်လျှောက် ငါး ကောင်ရေ (၂) သိန်း မွေးမြူဆောင်ရွက်သွားမည့် အစီအစဉ်များ ကို တောင်သူများ ကိုယ်တိုင်ပါဝင်သည့် အစုအဖွဲ့များဖြင့် စနစ်တကျစီမံခန့်ခွဲနိုင်ရေး ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများအား ညှိနှိုင်းပေါင်းစပ်ဆွေးနွေးဆောင်ရွက်ပေးခဲ့သည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၌ ၂၀၂၃ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်လက်ရွေးစင်အသင်းများမှ အုပ်ချုပ် သူ/နည်းပြများနှင့် သွားရောက်တွေ့ဆုံအားပေးသည်။
ယင်းသို့ တွေ့ဆုံအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဂုဏ်ဆောင်နိုင်သည့် လက်ရွေးစင်ကစားသမားများဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားကြရေး အားပေးမှာကြားကာ အသင်းအုပ်ချုပ်သူ/ နည်းပြများထံ အောင်နိုင်ရေး အလံများကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးများ က လက်ရွေးစင်အသင်းများအတွက် ထောက်ပံ့ငွေများကို လည်းကောင်း၊ ပြည်နယ်ဥပဒေချုပ်က လက်ရွေးစင်အသင်းများအတွက် ပံ့ပိုးကူညီခဲ့ကြသော ဌာနဆိုင်ရာများနှင့် လူပုဂ္ဂိုလ်များအား ဂုဏ်ပြု မှတ်တမ်းလွှာများကို လည်းကောင်း အသီးသီး ပေးအပ်ခဲ့ကြသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အရာထမ်း/ အမှုထမ်းများနှင့်အတူ မြစ်ကြီးနားမြို့ သန့်ရှင်းသာယာ လှပစေရေးနှင့် လူနေပတ်ဝန်းကျင်စနစ်ကောင်းများ ပေါ်ထွန်းလာစေရေးအတွက် Kachin State Clean & Green Team ဖွဲ့စည်းပြီး အပတ်စဉ် တနင်္လာနေ့မှ စနေနေ့အထိ သန့်ရှင်းရေးဆောင်ရွက် လျက်ရှိရာ ဇူလိုင် ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့များတွင် မြစ်ကြီးနားမြို့ ဇော်ဂျွန်းလမ်းမတစ်လျှောက် လမ်းဘေးဝဲ/ယာ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ အမှိုက်များ ကောက်ယူခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။