နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ကချင်ပြည်နယ်အတွက် မတည်ပေးသည့်ကျပ် ၈ ဘီလီယံအား ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး

 နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ကချင်ပြည်နယ်အတွက် မတည်ပေးသည့်ကျပ် ၈ ဘီလီယံအား ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     သြဂုတ် ၁၃

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံ့စီးပွားရေးမြှင့်တင် ရေး ရန်ပုံငွေမှ ပြည်နယ်စီးပွားရေးမြှင့်တင်ရေးအတွက် လွှဲပြောင်းမတည်ပေးအပ်ခဲ့သည့် ကျပ် ၈ ဘီလီယံအား ပြည်နယ်စီးပွားရေးမြှင့်တင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း ၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး ပွဲကို သြဂုတ် ၁၃ ရက် မွန်းလွဲ ၁ နာရီက ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြု လုပ်သည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော် စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ကျပ်ဘီလီယံ ၄၀၀ ကို နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးသန့်ရန်ပုံငွေတစ်ရပ်ထူထောင်ပြီး နိုင်ငံ့စီးပွားရေးမြှင့်တင်နိုင်ရန် လယ်ယာစီးပွားမြှင့်တင်ရေးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏ စီးပွားရေးမြှင့်တင်ရေး အတွက် စီမံဆောင်ရွက်ပေးခဲ့ပါကြောင်း၊ မိမိတို့ ကချင်ပြည်နယ်အတွက် နိုင်ငံ့ စီးပွားရေးမြှင့်တင်ရေး ရန်ပုံငွေမှ ကျပ် ၈ ဘီလီယံကို ရရှိခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ရရှိသည့် ရန်ပုံငွေ များကို နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ လျှင်မြန်စွာ တိုးတက် အောင်မြင်နိုင် သည့် လုပ်ငန်းများဖြစ်စေရေး၊ အကျိုးရှိထိရောက်အောင်မြင်မည့် လုပ်ငန်းများဖြစ်စေရေးနှင့် စည်းမျဉ်း စည်းကမ်းများနှင့်အညီ သုံးစွဲနိုင်ရေး ဝိုင်းဝန်း ဆွေးနွေးကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနများကွပ်ကဲမှုအောက်ရှိ ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက စိုက်ပျိုးမွေးမြူရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံဆောင်ရွက် သွားမည့်လုပ်ငန်းများ၊ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေး၊ ရင်းနှီးမတည် ပေးနိုင်ရေးအတွက် ကျေးရွာများတွင် အရင်းမပျောက် မတည်ငွေ မြစိမ်းရောင်စီမံကိန်းပုံစံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းများအပါအဝင် ပြည်နယ်၏ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုး မွေးမြူရေးကို အခြေခံသည့် လုပ်ငန်းစဉ်များ သတ်မှတ်၍ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အသီးသီးသုံးသပ် အကြံပြုဆွေးနွေးတင်ပြကြသည်။

          တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မတည်ပေးသည့်ရန်ပုံငွေများ  စည်းမျဉ်း စည်းကမ်းများနှင့်အညီ သုံးစွဲရေး၊ ၎င်းမတည်ငွေများ တိုးပွားလာစေရေးတို့အတွက် ပြည်နယ်စီးပွား မြှင့်တင်ရေး ဦးဆောင်ကော်မတီနှင့် ခရိုင်၊ မြို့နယ်များအလိုက် ကော်မတီများဖွဲ့စည်းပြီး လျင်မြန်စွာ တိုးတက် အောင်မြင်စေမည့် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ဆက်စပ်နေသော သတင်းများ