မြစ်ကြီးနား မေ ၃၀
ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့အား မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပ ရေး၊ စိမ်းလန်းစိုပြည်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင် သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင်သည် ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်များနှင့် အခြေခံပညာကျောင်းများအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးသည် မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာနနှင့် တက္ကသိုလ်မှ ဝန်ထမ်းများအင်အားစုစုပေါင်း ၁၂၀ ဦးတို့၏ မြစ်ကြီးနားတက္ကသိုလ် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို တက္ကသိုလ်ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်း ဝင်းတစ်ခုလုံး ပန်းများဖြင့် ဝေဆာပြီး စိမ်းလန်းစိုပြည်သန့်ရှင်း သာယာလှပစေရေး ဆက်လက်ဆောင်ရွက် ရမည့် အစီအစဉ်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးသည် မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်၊ အမှတ်(၂) အခြေခံပညာ ကျောင်း၌ လည်းကောင်း၊ ခေမာသီရိရပ်ကွက် လမ်းသွယ် (၂၄) လမ်းဘေးဝဲ/ ယာတို့တွင်လည်းကောင်း၊ မြို့သစ်ကြီးရပ်ကွက် အခြေခံပညာမူလတန်းကျောင်းဝင်း၌လည်းကောင်း ပညာရေးဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးသည် ယမန်နေ့ မွန်းလွဲ ၂ နာရီကလည်း မြစ်ကြီးနားမြို့နယ်စည်ပင် သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ အမှုဆောင်အရာရှိများ၊ အင်ဂျင်နီယာများ၊ အရာထမ်း/ အမှုထမ်းများနှင့် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးက စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများအနေဖြင့် မြို့ပြဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရသည့်အတွက် အရာရှိများအနေဖြင့် လုပ်ရည်ကိုင်ရည်ပြည့်ဝပြီး ခေတ်စနစ်နှင့်အညီ ပိုမိုကောင်းမွန်သည့် မြို့ပြစနစ်များကို ဖန်တီးနိုင်ရန် မိမိကိုယ်ကို စွမ်းဆောင်ရည် မြှင့်တင်ကြရေး၊ စည်ပင်သာယာရေးအဖွဲ့၏ အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းကြရေး၊ တာဝန်ယူထားသည့်မြို့များ သာယာလှပသန့်ရှင်းအောင် ကြိုးစားကြရေး၊ မိသားစုစိတ်ဓာတ်ဖြင့် စည်း စည်းလုံးလုံး၊ ပျော်ရွှင်စွာဖြင့် အလုပ်တာဝန်များကို စေတနာထားပြီးမြောက်အောင် ဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်းက စည်ပင်သာယာ ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှု ဆောင်အရာရှိ ဦးလှမိုးက စီမံချက်ပါကာလအတွင်း မြို့ပြဖွံ့ဖြိုးရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ မြို့ရေ ပေးဝေရေး၊ ပန်းပင်နှင့် အရိပ်ရပင်များ ပျိုးထောင်ထားရှိမှု အခြေအနေများနှင့် လမ်းဘေးဝဲ/ယာ ကျုးကျော်များ ရှင်းလင်းရေး၊ ပန်းခြံများ အဆင့်မြင့်တင်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ အကောင် အထည်ဖော်ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးက လုပ်ငန်းကဏ္ဍအလိုက် လိုအပ်သည်မျာကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


