ကချင်ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေ စိုက်ပျိုးမွေးမြူရေး ဒေသထွက်ကုန်များကို တန်ဖို့းမြှင့်ထုတ်ကုန်များအဖြစ် တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဒေသခံMSMEလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား     ဇွန်  ၃

          ကချင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေး ဒေသထွက်ကုန်များကို တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက်   ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေသည် ယနေ့ မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်ရှိ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လေ့ကျင့်ပျိုးထောင်ရေးစင်တာ၌ ‌ဒေသခံလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

          ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးက နိုင်ငံတော်အနေဖြင့် ‌အသေးစား၊ အငယ်စား MSME စီးပွားရေးလုပ်ငန်းများ မြှင့်တင်နိုင်ရေးအတွက် အားပေးကူညီလျက်ရှိသည့်အပြင် “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ လုပ်ငန်းရှင်များအနေဖြင့် တန်ဖိုးမြှင့်ထုတ်ကုန် များကို မိမိတို့ဒေသအတွက် ဖူလုံမှုရှိစေရုံသာမက အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်၊ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်သည်အထိ ထုတ်ကုန်များ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လုပ်ငန်းရှင်များအနေဖြင့် အရည်အသွေးမြှင့်ထုတ်ကုန်များကို တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့်  စျေးကွက်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ‌ရောက်ရှိရေးအတွက် ပြည်နယ်အစိုးရအဖွဲ့က ပံ့ပိုး စေလိုသည်များကို ပွင့်လင်းစွာဆွေးနွေးပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

          ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော အသေးစားနှင့်အလတ်စားစားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်သည့်လုပ်ငန်းရှင်များမှ လုပ်ငန်းလုပ်ကိုင်လည်ပတ်လျက်ရှိသည့် အခြေအနေများ၊ စျေးကွက်ရရှိမှုအခြေအနေများ၊ ကုန်ကြမ်းရရှိမှုအပေါ်မူတည်၍လုပ်ငန်းတိုးချဲ့ဆောင်ရွက်နိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ပြည်တွင်းနှင့် နိုင်ငံတကာကုန်စည်ပြပွဲနှင့် ပြိုင်ပွဲများသို့ သွားရောက်ပြသခဲ့သည့် အတွေ့အကြုံများနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် ရင်ဆိုင်ကြုံတွေ့ရသည့် အခက်အခဲများကို ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးရာ ပြည်နယ်ဝန်ကြီးက ထုတ်ကုန်များ တိုးချဲ့ထုတ်လုပ်နိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် ရုံးဝင်းအတွင်း ခင်းကျင်းပြသထားရှိသော ဒေသခံလုပ်ငန်းရှင်များ၏ ထုတ်ကုန်များဖြစ်သည့်  ဆပ်ပြာဆီ၊ ဆပ်ပြာခဲ လူသုံးကုန်ပစ္စည်း ထုတ်ကုန်များ၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ အသားခြောက်များ၊ ပူတာအိုဒေသထွက် ရှီးပဒီးနှင့် ပျားရည်များစသည့် စားသောက်ကုန်များ ခင်းကျင်းပြသထားရှိမှုကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။