ကချင်ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေ စက်မှုလယ်ယာ စနစ်တကျ လယ်မြေဖော်ထုတ်ခြင်း၊ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ရန်ပုံငွေဖြင့် ဝယ်ယူခဲ့သည့် လယ်ယာသုံးစက်ကိရိယာများအား ကြည့်ရှုစစ်ဆေး

0-4064x3048-0-0-{}-0-12#

မြစ်ကြီးနား ဇွန် ၁၉

          ကချင်ပြည်နယ်အတွင်း စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် စက်မှုလယ်ယာစနစ်တကျ လယ်မြေဖော်ထုတ်ခြင်း၊ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်‌ရေးနှင့် လယ်ယာသုံးစက်ကိရိယာများအား တောင်သူများတွင်ကျယ်စွာ၊ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေသည် ယနေ့နံနက်ပိုင်းက ပြည်နယ်စက်မှုလယ်ယာဦးစီးဌာနရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး လယ်ယာသုံးစက် ကိရိယာများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ ပြည်နယ်စက်မှုလယ်ယာဦးစီးဌာနရုံးခန်းမ၌ ပြည်နယ်ဦးစီးမှူး၊ ခရိုင်/ မြို့နယ်ဦးစီးမှူးများ၊ အရာထမ်း/ အမှုထမ်းများနှင့်တွေ့ဆုံပြီး စက်မှုလယ်ယာစခန်းအလိုက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မှ ၂၀၂၅-၂၀၂၆ ခုနှစ်အထိ ထွန်ယက်ပေးခြင်း၊ ရိပ်သိမ်းခြွေလှေ့ခြင်းနှင့် ကောက်စိုက်ခြင်းစသည့် လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့မှုနှင့် ယခုနှစ် ၂၀၂၆-၂၀၂၇ တွင် လျာထားဆောင်ရွက်မည့်အစီအစဉ်များ၊ ဝန်ဆောင်မှုလုပ်ငန်းများမှ ဝင်ငွေရရှိမှုအခြေအနေများနှင့် လယ်ယာသုံးစက်ကိရိယာကြွေးကျန်ကောက်ခံရရှိမှုနှင့် ကျန်ရှိမှုအခြေအနေများ၊ ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ဝန်ဆောင်မှုလုပ်ငန်းများနှင့် စက်ကိရိယာဝယ်ယူရရှိမှုတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက ခေတ်စနစ်ပြောင်းလဲမှုနှင့်အတူ တောင်သူများ လယ်ယာသုံးကိရိယာများ ကျွမ်းကျင်စွာသုံးစွဲတတ်စေရေး သင်တန်းများနှင့် သရုပ်ပြအစီအစဉ်များ ဆောင်ရွက်ပေးရေး၊ လယ်ယာနှင့် စိုက်ပျိုးမြေများ တိုးမြှင့်ဖော်ထုတ်ပေးနိုင်ရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးသည် ပြည်နယ်ဦးစီးမှူး၊ တာဝန်ရှိသူများနှင့်အတူ ခရိုင်စက်မှုလယ်ယာဦးစီးဌာနရုံးအတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဝယ်ယူခဲ့သည့် ထွန်စက်များနှင့် ဆက်စပ်ကိရိယာများ၊ ရိတ်သိမ်းခြွေလှေ့များ၊ ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေ Quick Win အစီအစဉ်ဖြင့် ဝယ်ယူရရှိသည့် ထွန်စက်များ၊ ရိတ်သိမ်းခြွေလှေ့စက်များအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး စက်ကိရိယာများ လွှမ်းခြုံနိုင်မှုတိုးမြှင့်အောင် တောင်သူများနှင့် စည်းရုံးဆောင်ရွက်ရေး၊ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။

          ကချင်ပြည်နယ်စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ တောင်သူကျေးရွာအတွင်း လယ်ယာမြေ ၁၃၉ ဧက အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် ထွန်စက်(၂)စီး၊ ကိရိယာ(၃)မျိုး၊ ရိတ်သိမ်းခြွေလှေ့စက် (၂)စီးတို့အား ဝယ်ယူထားရှိပြီး ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေမှ Quick Win အစီအစဉ်ဖြင့်လည်း မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်၊ တနိုင်း၊ ပူတာအိုမြို့ စက်မှုလယ်ယာစခန်းများအတွက် ထွန်စက် (၇)စီး၊ ကောက်စိုက်စက် (၂)စီး၊ ရိတ်သိမ်းခြွေလှေ့စက် (၃)စီးတို့ ရရှိမည်ဖြစ်ပြီး ပြည်နယ်အတွင်း မိုးသီးနှံစိုက်လယ်ယာမြေများတွင် ထွန်စက်၊ လက်တွန်းထွန်စက်များကို အများဆုံးအသုံးပြုကြခြင်းဖြစ်ပြီး စက်ကိရိယာလွှမ်းခြုံမှုအနေဖြင့် ၉၂ ရာခိုင်နှုန်းကျော်ရှိကြောင်း စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။ 

0-4064×3048-0-0-{}-0-12#