မြစ်ကြီးနား ဇွန် ၁၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ၂၀၂၆ ခုနှစ် ဇူလိုင် ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဒေသတွင်းရှိ ဘက်စုံ၊ ကဏ္ဍစုံတွင် ထူးချွန်ထက်မြက်သည့် အမျိုးသမီးများအား ဂုဏ်ပြုချီးမြှင့်နိုင်ရေးတွက် ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင် ဦးဆောင်ကော်မတီအဖွဲ့ဝင်များက ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ထိုသို့ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားတွင် လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ပေးကြသည့် ရဲတပ်ဖွဲ့ဝင် အမျိုးသမီးများ၊ ရေကြီးမြင့်ဖြစ်စဉ်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် ကိုယ်ကျိုးစွန့်ဆောင်ရွက်ခဲ့ကြသည့် မီးသတ်တပ်ဖွဲ့ဝင် အမျိုးသမီးများ၊ သွေးလှူဒါန်းမှုအကြိမ်ရေ ၂၀ နှင့်အထက် ဌာနဆိုင်ရာများ အမျိုးသမီးဝန်ထမ်းများ၊ MSME စီးပွားရေးလုပ်ငန်းများတွင် ထူးချွန်အမျိုးသမီးလုပ်ငန်းရှင်များ၊ လူမှုရေးရာကဏ္ဍများနှင့် အားကစားဘက်ဆုတံဆိပ်ရရှိသည့် ထူးချွန်ထက်မြက်သည့် အမျိုးသမီးများအား စိစစ်ရွေးချယ်ခဲ့ကြပြီး ဂုဏ်ပြုချီးမြှင့်ငွေ နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများချီးမြှင့်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက ဆုများ ရွေးချယ်ချီးမြှင့်ရာတွင် ကဏ္ဍအလိုက်အမှန်တကယ် ကြိုးစားဆောင်ရွက်နေကြသည့် ထူးချွန်အမျိုးသမီးများအားလုံး ကျန်ရှိမှုမရှိစေရေး ကော်မတီအဖွဲ့ဝင်များအနေဖြင့် စနစ်တကျစိစစ်ရွေးချယ်၍ ထပ်မံတင်ပြနိုင်ရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် အဆိုပါအစည်းအဝေးခန်းမ၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြပြီး ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးက ပြည်နယ်အတွင်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အခြားအခက်အခဲများဖြစ်ပေါ်နေသော ကလေးသူငယ်များကို ကော်မတီအဖွဲ့ဝင်များအားလုံးက တာဝန်ယူဖြေရှင်းဆောင်ရွက်ပေးရမည်ဖြစ်ပြီး ပြစ်မှုဖြစ်ပွားနေသော ကလေးသူငယ်များကိုလည်း ကလေးသူငယ်အခွင့်အရေးများနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ အသိပညာပေးခြင်း၊ သင်တန်းများဖွင့်လှစ်ခြင်း၊ ဟောပြောပွဲများစဉ်ဆက်မပြတ်ပြုလုပ်၍ ကြိုးစားကာကွယ်ဆောင်ရွက် ပေးရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းအောင်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့်အစီအစဉ်များကို ဖြည့်စွက်သုံးသပ်ရှင်းလင်းဆွေးနွေးတင်ပြရာ ပြည်နယ်ဝန်ကြီးက ကလေးသူငယ်အခွင့်အရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေးပေးခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက်များကို အတည်ပြုချမှတ်ပေးခဲ့ကြောင်း သိရသည်။