ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့်

မြစ်ကြီးနား မတ် ၁၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်ဖြင့် ကိုဗစ်-၁၉ ရောဂါကာလ အတွင်း နိုင်ငံရပ်ခြား၌ ပိတ်မိဒုက္ခခံနေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ခဲ့ကြရာ မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် ကချင်ပြည်နယ်အတွင်းမှ ဒေသခံတိုင်းရင်းသားများအား မတ် ၁၅ ရက် နံနက် ၈ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တွေ့ဆုံအားပေးသည်။

မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် ဒေသခံတိုင်းရင်းသားများအား ပြည်နယ်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အစီအစဉ်ဖြင့်နိုင်ငံရပ်ခြားမှ မိမိတို့နေထိုင်ရာ ကချင်ပြည်နယ်သို့ ယခုလို ကျန်းကျန်းမာမာဖြင့် ပြန်လည်ရောက်ရှိလာကြသည့် သား/ သမီးတစ်ယောက်စီတိုင်းကို နွေးထွေးစွာကြိုဆိုပါကြောင်း၊ ရှေ့ဆက်ပြီး မိမိတို့ဘဝခရီးကို ဖြတ်သန်းရာ တွင် မိသားစုနှင့်အတူ အကောင်းမွန်ဆုံးနှင့် ရိုးသားကြိုးစားစွာ နေထိုင်သွားကြရန်လိုကြောင်း အားပေး ပြောကြားသည်။

ယင်းနောက် မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် ဒေသခံများကိုယ်စား ဦးအာန်ဂျုံးပန် က ယခုလို နိုင်ငံတော်၏ အစီအမံဖြင့် မလေးရှားနိုင်ငံမှ တစ်ဆင့် မိမိတို့နေရပ်အထိအဆင့်ဆင့်ပို့ဆောင် ပေးခဲ့ကြမှုအားအထူးပင်ကျေးဇူးတင်ရှိကြောင်းပြန်လည်ပြောကြားပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်များက နေရပ်ပြန်လည်ရောက်ရှိလာသည့် ဒေသခံတိုင်းရင်းသားများနှင့်အတူ နံနက်စာကို အတူတကွ ရင်းရင်းနှီးနှီး စားသောက်ခဲ့ကြသည်။

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အဆိုပါ မလေးရှားနိုင်ငံမှ နေရပ်သို့ ပြန်လည် ရောက်ရှိလာသည့် ဒေသခံတိုင်းရင်းသား (၁၀)ဦးတို့အား ၎င်းတို့၏ နေရပ်ဒေသများဖြစ်သည့် ပူတာအို၊ မိုးကောင်း၊ ဝိုင်းမော်၊ ဖားကန့်နှင့် မြစ်ကြီးနားမြို့တို့ရှိ နေအိမ်များအရောက် လမ်းခရီးတွင် နေထိုင်စား သောက်မှုကုန်ကျစရိတ်များ ပံ့ပိုးကူညီ၍ မြို့နယ်အလိုက်တာဝန်ရှိသူတို့က လိုက်ပါပို့ဆောင်ပေးခဲ့ ကြောင်းသိရှိရသည်။