ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်နယ်အတွင်း ဝန်ထမ်းများ CDM ပါဝင်နေသော ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းစည်းဝေး

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်နယ်အတွင်း ဝန်ထမ်းများ CDM ပါဝင်နေသော ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းစည်းဝေး

မြစ်ကြီးနား မတ် ၁၇

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်နယ်အတွင်း ဝန်ထမ်းများ CDM တွင် ပါဝင်သော ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းအစည်းအဝေးကို မတ် ၁၆ ရက် မွန်းလွဲ ၂ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံအတွက် အကျိုးရှိမည့်လုပ်ငန်းများကို ရပ်တန့်မနေဘဲ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်သွားကြရေးနှင့် လုပ်ငန်းဆောင်ရွက်ရာတွင်လည်း ထုတ်ပြန်ထားသည့် ဥပဒေ၊ မူဝါဒ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားကြရေးကို လမ်းညွှန်မှာထားပြီးဖြစ်ပါကြောင်း၊ ဝန်ထမ်းများကိုလည်း ထုတ်ပြန်ထားသည့် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေနှင့်အညီ လေးစားလိုက်နာ ဆောင်ရွက်ရေးကို ဌာနအကြီးအကဲများက ကြပ်မတ်ဆောင်ရွက်ရသည့် တာဝန်အရှိဆုံးပုဂ္ဂိုလ်များပင် ဖြစ်ကြောင်း၊ ယနေ့ ဌာနဆိုင်ရာအသီးသီးတွင် အခြေအနေအရပ်ရပ်ကြောင့် CDM တွင်ပါဝင်သော ဝန်ထမ်းများရှိသကဲ့သို့ ဌာနဆိုင်ရာအကြီးအကဲများ၏ တိုက်တွန်းနှိုးဆော်မှုကြောင့် လုပ်ငန်းခွင်သို့ ပြန် လည်ဝင်ရောက်လာသူများရှိနေသည်ကိုလည်း သိရှိရပါကြောင်း၊ သို့ရာတွင် CDM တွင် ပါဝင်နေသော ဝန်ထမ်းများအား နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေပါပြဌာန်းချက်များ၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများ နှင့်အညီစိစစ်အရေးယူနိုင်ရေးကိုလည်း ညွှန်ကြားထားပြီးဖြစ်သောကြောင့် ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်း နှင့် အရေးယူဆောင်ရွက်နေမှုအခြေအနေအား တင်ပြသွားရန်လိုကြောင်း မှာကြားသည်။

ယင်းနောက် ဝန်ထမ်းများ CDM တွင်ပါဝင်နေသော ဌာနဆိုင်ရာ (၅၈)ခုမှ ဌာနဆိုင်ရာအကြီးအကဲ များက ဝန်ထမ်းများ CDM ဆောင်ရွက်နေမှုအခြေအနေ၊ ဌာနဆိုင်ရာစည်းမျဉ်းစည်းကမ်း၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေပါပြဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်မှုအခြေအနေ၊ လုပ်ငန်းခွင်သို့ ပြန် လည်ဝင်ရောက်လာမှုအခြေအနေနှင့် လုပ်ငန်းခွင်သို့ပြန်လည်ဝင်ရောက်ရေး စည်းရုံးလှုံ့ဆော်ဆောင်ရွက် နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ဌာနဆိုင်ရာများ၏ တင်ပြချက်များအပေါ် ပြည်နယ်ကောင်စီဥက္ကဋ္ဌက မိမိတို့ဝန်ထမ်းများအား မိမိတို့ သား၊ သမီးများကဲ့သို့ စည်းရုံးဆက်သွယ်ဆောင်ရွက်နေမှုအခြေအနေကို သိရှိရသည့်အတွက် ဝမ်း မြောက်မိကြောင်း၊ သို့သော်လည်း တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဆောင်ရွက်ရသည့်အတွက် ညွှန်ကြား ချက်များကို အလေးထားလိုက်နာဆောင်ရွက်သွားကြရေးကို ထပ်မံတိုက်တွန်းလိုကြောင်း ဖြည့်စွက်မှာ ကြားသည်။