ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်ကြမည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အရာထမ်းဝန်ထမ်းများအား တွေ့ဆုံမှာကြား

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်ကြမည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အရာထမ်းဝန်ထမ်းများအား တွေ့ဆုံမှာကြား

မြစ်ကြီးနား     ဇွန် ၇

          ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကချင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင် ရန် ဒေသအသီးသီးမှ ရွှေ့ပြောင်းရောက်ရှိလာကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အရာထမ်း ဝန်ထမ်းများအား ဇွန် ၇ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေး ခန်းမ၌ တွေ့ဆုံပြီး လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ လမ်းညွှန်မှာကြားသည်။

          ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် ပြည်နယ်ကောင်စီအဖွဲ့ဝင်များအား ဒေသအသီးသီးမှ ပြောင်းရွှေ့လာရောက်ရှိလာကြသည့် ညွှန်ကြားရေးမှူးတစ်ဦး အပါအဝင် အရာထမ်း ဝန်ထမ်းများက  ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်ရမည့် နေရာ၊ ဒေသနှင့် ဌာနခွဲများကို ဂါဝရပြု မိတ်ဆက်ကြသည်။

ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက နိုင်ငံဝန်ထမ်းများဟူသည် နိုင်ငံရေး မည်သို့ပြောင်းလဲစေကာမူ ပြောင်းလဲလာသည့်စနစ်၊မူဝါဒကိုက်ညီအောင် မိမိတို့အား ပေးအပ်လာသည့် တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ကြရန်လိုကြောင်း၊ အထူးသဖြင့် ယနေ့ မိမိတို့ စီမံအုပ်ချုပ်ရေး ကောင်စီ၏ကြားကာလအစိုးရအဖြစ်အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် ဦးတည်ချက်၊ လုပ်ငန်း စဉ်များကို သိရှိနားလည်ထားရန် လိုအပ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင်လည်း လက်ရှိဖြစ်ပေါ်နေ သောအခြေအနေမှန်ကို သိရှိနားလည်ထားရန် လိုအပ်သကဲ့သို့ကျန်ဝန်ထမ်းများကိုလည်း မေတ္တာတရား ဖြင့် စည်းရုံးရှင်းလင်းပြောကြားရန် လိုအပ်ကြောင်း၊ လုံခြုံရေးအထူးဂရုစိုက်ကြရန်လိုကြောင်း၊ တာဝန် ထမ်းဆောင်ကြမည့် အရပ်ဒေသများရှိ ရပ်မိ၊ ရပ်ဖများ၊ လက်တွဲတာဝန်ထမ်း ဆောင်ကြမည့်ဝန်ထမ်း၊ အဖွဲ့အစည်းများနှင့်လည်း ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရန်မှာ ကြားလိုကြောင်း၊ ထို့အပြင် ကိုဗစ် -၁၉ ကပ်ရောဂါဖြစ်ပွားမှုကို အထူးဂရုပြုကာကွယ်ရန်လိုကြောင်း၊ အခြေခံပညာကျောင်းများ အေးချမ်းတည် ငြိမ်စွာ ဖွင့်လှစ်သင်ကြားနိုင်ရေးကို အဖွဲ့အစည်းအသီးသီးနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လို ကြောင်း တိုက်တွန်းမှာကြားခဲ့သည်။

ထို့နောက် မွန်းလွဲပိုင်းတွင် ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် ပြည်နယ်ကောင်စီအဖွဲ့ဝင်များက ပန်ဝါပြည်သူ့စစ်အဖွဲ့ (ဌာနေ) ခေါင်းဆောင် ဦးလဂွေဘောမ်လန်း၊ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် ဝိုင်းဝန်းလက်တွဲပြီး ညီညီ ညွတ်ညွတ်ဖြင့် မိမိတို့တာဝန်များကို ကျေပွန်ထမ်းဆောင်ကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။ ယင်းနောက် ပန်ဝါပြည်သူ့စစ်အဖွဲ့ (ဌာနေ) ခေါင်းဆောင်ဦးလဂွေဘောမ်လန်းက နယ်စပ်ဒေသ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်နယ်ကောင်စီအတွင်းရေးမှူး၊ ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်လေးက နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြကာ ပန်ဝါပြည်သူ့စစ်အဖွဲ့ (ဌာနေ) ခေါင်းဆောင်က ကချင်တိုင်းရင်းသားရိုးရာမဂွန်းရှလစ်ကို ပြည်နယ်ကောင်စီအတွင်းရေးမှူးထံ ပေးအပ် ခဲ့ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။