ကချင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ရပ်/ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်လှစ်ပေး

 ကချင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ရပ်/ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်လှစ်ပေး

မြစ်ကြီးနား     သြဂုတ် ၁၂

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ရပ်မိရပ်ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များအတွက် အမှတ်(၁၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မြစ်ကြီးနား)မှ ကျင်းပပြုလုပ်သည့် ရပ်/ ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်ပွဲ အခမ်းအနားကို သြဂုတ် ၁၂ ရက် နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပြည်နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းက လူကုန်ကူးမှုများသည် ခေတ်စနစ်ပြောင်းလဲမှုများ နှင့် နည်းပညာဖွံ့ဖြိုးမှုများအပေါ်မူတည်၍ တစ်နှစ်ထက်တစ်နှစ် ပြောင်းလဲဖြစ်ပေါ်လျက်ရှိကြောင်း၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေအရ ဖွဲ့စည်းထားသော ရပ်/ ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော် ထုတ်ရေးအဖွဲ့များအနေဖြင့် လူကုန်ကူးမှုများ စုံစမ်းစစ်ဆေးရာတွင် ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက် နိုင်ရေး ယနေ့ဖွင့်လှစ်သင်ကြားပေးသည့် သင်တန်းမှတစ်ဆင့် စနစ်တကျ လေ့လာဆွေးနွေး မှတ်သား ကြရန် အလေးအနက်ထားမှာကြားလိုပါကြောင်းနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်အားလုံး တွင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် အမှတ်(၁၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (မြစ်ကြီးနား)မှ တပ်ဖွဲ့စုမှူး ရဲမှူးစိုးမင်းက သင်တန်းတွင် ဆွေးနွေးပို့ချသွားမည့် သင်ခန်းစာများနှင့် ဆွေးနွေးမေးမြန်းရမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

          အဆိုပါ သင်တန်းကို ရပ်/ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးအဖွဲ့ဝင် ၂၀ ဦးတို့အား နည်းပြများက အဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ပေးပို့ ထားရှိသော သတ်မှတ်သင်တန်းအချိန်ဇယားများအတိုင်း သင်ခန်းစာများကို ဆွေးနွေးပို့ထားသွားမည် ဖြစ်ပြီး မြေပြင်လက်တွေ့ဆောင်ရွက်နိုင်သည့် စိစစ်သတ်မှတ်ချက်ပုံစံများကို လေ့ကျင့်သရုပ်ပြ ဆွေးနွေးသင်ကြားသွားမည်ဖြစ်ကြောင်းသိရှိရသည်။