နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်း ခြင်းနှင့် ရက် (၁၀၀)အတွင်း အကောင်အထည်ဖော်မည့် Quick Win လုပ်ငန်းများနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား ဧပြီ ၂၃

ယနေ့ မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ရက် (၁၀၀) ကာလအတွင်း Quick Win လုပ်ငန်းများအား ဝန်ကြီးဌာနအလိုက် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်နိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကိုကျင်းပပြုလုပ်ခဲ့သည်။

          အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များအပေါ် မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း အလေးအနက်ထား လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့အတူ မဖြစ်မနေအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် ရက်ပေါင်း ၁၀၀ ကာလအတွင်း Quick Win လုပ်ငန်းများကိုလည်း ဝန်ကြီးများအနေဖြင့် သက်ဆိုင်ရာ ဦးစီးဌာန/ အဖွဲ့အစည်းများအား အနီးကပ်ကြပ်မတ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ထို့အတူ လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရာတွင် ပြည်သူများအားလုံး၏ ပူးပေါင်းပါဝင်မှုဖြင့် မိမိတို့အားလုံးက စည်းစည်းလုံးလုံးဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။

          ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာန/ အဖွဲ့အစည်းများက ရက်ပေါင်း (၁၀၀)ကာလအ တွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် Quick Win လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပြည်နယ်အစိုးရအဖွဲ့က ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို အသီးသီးတင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအ‌ပေါ် Quick Win လုပ်ငန်းများအား အောင်မြင်အောင်အကောင်အထည်ဖော်နိုင်ရေး အားလုံးက စည်းစည်း လုံးလုံး ညီညီညွတ်ညွတ်ဖြင့် ကြိုးစားဆောင်ရွက်ကြရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက်အတွင်း ဧရာဝတီမြစ်ကမ်းဘေး၌ ဝန်းသိုဆရာတော်အရှင်သူမြတ်ကြီး၏ လမ်းညွှန်မှုဖြင့် တည်ထားကိုးကွယ်လျက်ရှိသည့် ဓာတ်တော်တိုက်စေတီတော်ဝင်းအတွင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူတည်ဆောက်လျက်ရှိသော ဧရာဝတီမြစ်ရေကြီးမြင့်မှုကာကွယ်ရေး လုပ်ငန်းအစီအမံများအတွင်း တစ်ခုအပါအဝင်ဖြစ်သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော အလျား ၁၄၅ ပေရှိ ကျောက်စီမြေထိန်းတမံတည်ဆောက်ခြင်း လုပ်ငန်းခွင်သို့သွားရောက်ပြီး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။