ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး မြစ်ကြီးနားမြို့၌ Placement Test စာမေးပွဲဖြေဆိုလျက်ရှိသည့် ကျောင်း သား/ ကျောင်းသူများအား ကြည့်ရှုအားပေး

မြစ်ကြီးနား  ဇွန် ၁၈

          ကချင်ပြည်နယ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းနေအရွယ်ကလေးများ အသက်အရွယ်အရ သတ်မှတ်ထားသည့် အတန်းများသို့ ဝင်ရောက်ပညာသင်ယူနိုင်ရေး နိုင်ငံတော်အစိုးရအနေဖြင့် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် Placement Test ကို မြစ်ကြီးနားမြို့ပေါ် အခြေခံပညာအထက်တန်းကျောင်းများတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် စာစစ်ဌာနဖွင့်လှစ်၍ ဖြေဆိုလျက်ရှိရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ယနေ့နံနက်ပိုင်းက အမှတ် (၅) အခြေခံပညာအထက် တန်းကျောင်းစာစစ်ဌာနသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

          ထိုသို့ သွားရောက်ကြည့်ရှုအားပေးရာတွင် ပြည်နယ်ဝန်ကြီးသည် ပြည်နယ်ပညာရေးမှူး ဦးနိုင်ဝင်းအောင်၊ တာဝန်ရှိသူများနှင့်အတူ ကျောင်းတွင်းစာသင်ဆောင်များ၌ ကျောင်းအုပ်နှင့် သင်ကြားရေးဆရာ၊ ဆရာမများက ကြီးကြပ်မှုဖြင့် Placement Test (အထူးအစီအစဉ်)ဖြင့် အရည်အချင်းစစ် စာမေးပွဲကို Grade-7 အတန်းအတွက် စာရင်းရှိဦးရေစုစုပေါင်း ၄၀၇ အနက် ၃၇၉ ဦးနှင့် Grade-8 အတန်းအတွက် စာရင်းရှိဦးရေစုစုပေါင်း ၃၀၂ ဦးအနက် ဖြေဆိုသူ ၂၈၁ ဦးတို့ ဝင်ရောက်‌ဖြေဆိုနေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး စာမေးပွဲကြီးကြပ်ရေးအဖွဲ့များအတွက် ချီးမြှင့်ငွေများကို ပေးအပ်ခဲ့သည်။

အဆိုပါ Placement Test (အထူးအစီအစဉ်)ဖြင့် အရည်အချင်းစစ်စာမေးပွဲကို ကချင်ပြည်နယ်အတွင်း ခရိုင် (၆)ခရိုင်အနက် ခရိုင်(၅)ခုရှိ မြို့နယ်(၁၀)မြို့နယ်တွင် စာစစ်ဌာန ၂၁ ခုဖွင့်လှစ်၍ Grade-4 မှ Grade-8 အထိ စာရင်းရှိ ကျောင်းသား/ ကျောင်းသူဦးရေ (၈၆၁၄) ဦးအနက် ယနေ့တွင်ဖြေဆိုသူဦးရေ စုစုပေါင်း (၇၃၈၂)ဦးရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။