ကချင်ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဦးဆောင်၍ ပြည်နယ်ရေနံနှင့် ရေနံထွက်ပစ္စည်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် အတူ မြစ်ကြီးနားမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များသတ်မှတ် ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား  ဇူလိုင် ၉
           နိုင်ငံတော်အစိုးရ၏အစီအစဉ်ဖြင့် မြစ်ကြီးနားမြို့ ဒုတိယအကြိမ်ရောက်ရှိလာသော ယာဉ်တန်းတွင် ပါဝင်လာသော ကချင်ပြည်နယ်အတွက် စက်သုံးဆီခွဲတန်းများအား အရောင်းကိုယ်စားလှယ်ဆိုင်များထံခွဲဝေရောင်းချစေခဲ့ရာ ပြည်နယ်ရေနံနှင့် ရေနံထွက်ပစ္စည်းများထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်သည် ဆပ်ကော်မတီအဖွဲ့ဝင်များနှင့်အတူ ဇူလိုင် ၉ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်အတွင်းရှိ တိုင်းကျော်စက်သုံးဆီ အရောင်းဆိုင်၊ မြေမြင့်ရပ်ကွက်အတွင်းရှိ Asia Energy စက်သုံးဆီအရောင်းဆိုင်၊ မြို့သစ်ရပ်ကွက်အတွင်းရှိ Top စက်သုံးဆီအရောင်းဆိုင်နှင့် ရွှေနန်းစက်သုံးဆီအရောင်းဆိုင်၊ ရွှေပြည်သာရပ်ကွက်အတွင်းရှိ ရထိုက်တန် စက်သုံးဆီအရောင်းဆိုင်နှင့် Petro Chan စက်ဆုံးဆီအရောင်းဆိုင်၊ ပမ္မတီးရပ်ကွက်အတွင်းရှိ ဂုဏ်ပွင့်နိုင် အရောင်းဆိုင်၊ မြို့သစ်ကြီးရပ်ကွက်အတွင်းရှိ ဇေယျာမင်း စက်သုံးဆီအရောင်းဆိုင်၊ မြစ်ဖျားဧရာကားကြီးကွင်းအတွင်းရှိ Mateo စက်သုံးဆီအရောင်းဆိုင်တို့၌ ပြည်နယ်ရေနံနှင့် ရေနံထွက်ပစ္စည်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီ၏ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ပြည်သူများ ပုံမှန်အတိုင်းရောင်းချခြင်း ရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ကြကာ စက်သုံးဆီအရောင်းဆိုင်များ သတိပြုလိုက်နာဆောင်ရွက်ရမည့်အချက်များ၊ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျပုံမှန်အတိုင်း ရောင်းချပေးနိုင်ရေး၊ မီးဘေးအန္တရာယ် အထူးဂရုပြု ဆောင်ရွက်ကြရေးအတွက် မှာကြားခဲ့ကြကာ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ဝန်ထမ်းများကလည်း ရေနံထွက်ပစ္စည်းများ သယ်ယူသိုလှောင်ဖြန့်ဖြူးရောင်းချရာတွင် သတိပြုလိုက်နာရမည့် အချက်များပါဝင်သည့် လက်ကမ်းစာစောင်များကို လိုက်လံဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။