မြစ်ကြီးနား ဇူလိုင် ၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ၂၀၂၄ ခုနှစ်တွင် စံချိန်တင်မြစ်ရေကြီးမြင့်မှုကြောင့် မြို့ဧရိယာ ၄၀ ရာခိုင်နှုန်းခန့် ရေကြီးနစ်မြှုပ်မှုဖြစ်ပေါ်ခဲ့သဖြင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဧရာဝတီမြစ်နှင့် ထိစပ်လျက်ရှိသည့် ရေမိုင် (၁၈)မိုင်အတွင်း ရေလျှံတားနံရံများ၊ ကမ်းထိန်းတမံများ၊ ရေထိန်းတံခါးတည်ဆောက်ခြင်းများကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇူလိုင် ၈ မွန်းလွဲ ၂ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ရေ အနည်းငယ် မြင့်တက်နေမှုအခြေအနေများနှင့် ကမ်းပါးထိန်းသိမ်းရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ သီတာရပ်ကွက်အတွင်း ဆုတောင်းပြည့်စေတီတော်ဆိပ်ကမ်းမှ စီတာပူရပ်ကွက် အင်ဂျန်းခချောင်းအထိ အရှည်ပေ ၅၀၀ ရှိ ကျောက်စီမြေထိန်းတမံနှင့် ကမ်းနားလမ်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာ ရေးနှစ်မှ စတင်၍ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တည်ဆောက်ခဲ့သည့် (၈ပေ၊ ၁၂ ပေ) တံခါး ၃ ခုပါ အင်ဂျန်းခရေထိန်းတံခါး တည်ဆောက်ပြီးစီးမှုအပေါ် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အတွင်း အပြီးသတ်တည်ဆောက်ရမည့် Retaining Wall နှင့် ရေထိန်းတံခါးကမ်းကပ်ခုံ တည်ဆောက် ခြင်းလုပ်ငန်းများ ကျောက်စီမြေဖို့ခြင်း၊ ချဉ်းကမ်းလမ်းများ တာဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် မြစ်ရေမြင့်တက်လာသဖြင့် ရေတံခါးများ အလုပ်လုပ်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ လယ်ကုန်း-ကြက်ပေါင်ခြံ ရပ်ကွက်အတွင်း ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်အောက် ၈၀၀ စင်တီမီတာခန့်တွင် ရေဝင်ရောက်လေ့ ရှိသဖြင့် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မိုးများသည့် ဇွန်လနှင့် ဇူလိုင် လအတွင်း ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေးအတွက် လယ်ကုန်း-ဇီးလွန်ရေဝင်ပေါက်အား သဲအိတ်များ ဖြင့် ယာယီပိတ်စို့ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာအထက် ၁၃၀၀ စင်တီမီတာအထိ ကာကွယ်နိုင်ရေး မြစ်ကမ်းတစ်လျှောက် အလျား ၁၃၇၈၀ ပေအား Geotube တာဖို့ခြင်း လုပ်ငန်းအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လုပ်ငန်းများ အမြန်ဆုံး ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး မှာကြားခဲ့သည်။
ထို့အပြင် ညနေပိုင်းတွင်လည်း မြစ်ကြီးနားမြို့ လုံဂါပါစားသောက်ဆိုင်၌ ၂၀၂၆ ခုနှစ်၊ ပညာရေး ဝန်ကြီးဌာန တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ ဇုန်အလိုက် အမျိုးသားဘောလုံးပြိုင်ပွဲနှင့် ဖူဆယ်အား ကစားပြိုင်ပွဲတို့တွင် အသင်းလိုက် ရွှေတံဆိပ်ဆုရရှိခဲ့ပြီး အကောင်းဆုံးကစားသမားဆုများရရှိခဲ့သော ကျောင်းသားများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ရေကူးပြိုင်ပွဲတွင် ရွှေတံဆိပ် ၄ ခု၊ ငွေ ၁ ခု ရရှိခဲ့သော ကချင်ပြည်နယ်ရေကူးအသင်းအား ဂုဏ်ပြုချီးမြှင့် အခမ်းအနားသို့ တက်ရောက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ တက္ကသိုလ်ဘောလုံးအသင်းနှင့်ဖူဆယ်အသင်းကိုယ်စား အားကစားသမားတစ်ဦး၊ ပြည်နယ်ရေကူးအသင်း အုပ်ချုပ်သူတို့က ပြိုင်ပွဲအတွေ့အကြုံများနှင့် ဆုတံဆိပ်များ ယှဉ်ပြိုင်ဆွတ်ခူးရရှိ ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဘောလုံးအားကစားနှင့် ဖူဆယ် အားကစား ပြိုင်ပွဲတို့တွင် ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သည့် မြစ်ကြီးနားဇုန်အားကစားအဖွဲ့တို့အားနှင့် ဂုဏ်ပြုငွေကျပ်သန်း ၅၀ ကို လည်းကောင်း၊ ရွှေတံဆပ်ဆုရဖူဆယ်အသင်းအား ဂုဏ်ပြုငွေကျပ်သိန်း ၃၀ ကို လည်းကောင်း၊ ဘောလုံးအားကစားပြိုင်ပွဲနှင့် ဖူဆယ်ပြိုင်ပွဲတို့တွင် တစ်ဦးချင်း အကောင်းအဆုံးကစား ဆုရရှိသူ(၆)ဦးတို့အား တစ်ဦးလျှင်ငွေကျပ် ၃ သိန်းနှုန်းဖြင့် စုစုပေါင်းဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၈ သိန်းကို လည်းကောင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများကနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ရေကူး ပြိုင်ပွဲတွင် ရွှေတံဆိပ် (၄)ခုနှင့် ငွေတံဆိပ် တစ်ခုရရှိခဲ့သည့် ကစားသမားများအား စုစုပေါင်း ချီးမြှင့်ငွေကျပ် ၅၂၅၀၀၀၀ ကို လည်းကောင်း၊ နည်းပြနှင့် အုပ်ချုပ်သူများအတွက် ချီးမြှင့်ငွေများကို လည်းကောင်း၊ ဘောလုံးအားကစားဝါသနာရှင် စီးပွားရေးလုပ်ငန်းရှင်များကလည်း ချီးမြှင့်ငွေများကို လည်းကောင်း အသီးသီး ဂုဏ်ပြုချီးမြှင့်ခဲ့ကြရာ ဘောလုံးအသင်းအုပ်ချုပ်သူက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ ကြကာ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံထားရှိမှုကို အတူတကွ ရင်းနှီးနွေးထွေးစွာ သုံးဆောင်ခဲ့ကြ ကြောင်း သိရသည်။