ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်ပြီး ချီဖွေနှင့် ဆော့လော်မြို့နယ်များ ဒေသဖွံ့ဖြိုးရေးအတွက် ပြည်သူလူထု၏ လိုအပ်ချက်များအပေါ် ဖြည့်ဆည်းပေးနိုင်ရေး ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်ပြီး ချီဖွေနှင့် ဆော့လော်မြို့နယ်များ ဒေသဖွံ့ဖြိုးရေးအတွက် ပြည်သူလူထု၏ လိုအပ်ချက်များအပေါ် ဖြည့်ဆည်းပေးနိုင်ရေး ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂၂

          ကချင်ပြည်နယ်ညှိနှိုင်းဖျန်ရေးအဖွဲ့ ဖွဲ့စည်းမှု နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် အဖွဲ့ဝင်များ၏ လုပ်ငန်းဆောင်ရွက်မှုများ ရှင်းလင်းတင်ပြခြင်းနှင့် နှစ်ပတ်လည်နေ့ အခမ်းအနား ကို ဖေ‌ဖော်ဝါရီ ၂၁ ရက် နံနက် ၁၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ အဆိုပါအဖွဲ့၏ ရုံးခန်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက် ဂုဏ်ပြုအမှာစကားပြောကြားသည်။

          အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ အနေဖြင့် ပြည်နယ်တည်ငြိမ်အေးချမ်းမှုရှိစေရေးနှင့် မငြိမ်သက်မှုဖြစ်စဉ်များတွင် ထိခိုက်မှု အနည်းဆုံးဖြင့် ထိန်းသိမ်းဆောင်ရွက်နိုင်ခဲ့သည့်အတွက်မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပါဝင်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် အဖွဲ့ဝင်တစ်ဦးချင်းစီကို ကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် ရှေ့ဆက်ပြီး မိမိတို့ပြည်သူများအတွက်ဆက်လက် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။

          ထို့နောက် ပြည်နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ(၃) ဒေါ်ဘောက်ဂျာက နိုင်ငံရေး အပြောင်းအလဲကာလအတွင်း ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ပြည်နယ်သူ/သားများ ထိခိုက် နစ်နာမှုမရှိစေရေး အဖွဲ့၏ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ နှစ်ပတ်လည်အစီအရင်ခံ စာနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းဖတ်ကြားတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က အဖွဲ့အတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ပေးအပ်ရာ အဖွဲ့နာယက ဒေါ်ခင်ပြုံးရည်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

          ယင်းနောက်  ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခ ခန်းမ၌ ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၀ ရက်အထိ မြစ်ကြီးနားခရိုင်၊ ချီဖွေ မြို့နယ်နှင့် ဆော့လော်မြို့နယ် ခရီးစဉ်အတွင်း ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးအတွက် တင်ပြချက်များအပေါ် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဖြည့်ဆည်းအကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။

          ယင်းအစည်းအဝေးတွင် ချီဖွေ၊ ပန်ဝါ၊ ဆော့လော်၊ ဖီမော်တို့တွင် ဒေသခံရပ်မိ ရပ်ဖများ၊ ဘာသာရေးနှင့် ရိုးရာယဉ်ကျေးမှုခေါင်းဆောင်များ၏ ဒေသအလိုက်လိုအပ်ချက်ရှိသည့် အားကစား ကွင်းတည်ဆောက်ပေးရေး၊ နေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေးဆိုင်ရာကိစ္စရပ် များ၊ အောက်ဆီဂျင်စက်ရုံတည်ဆောက်ပေးရေး၊  မြို့များသန့်ရှင်းသားယာလှပရေး အမှိုက်သိမ်း ယာဉ်များ ချထားပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ ရေလုံလောက်မှုရှိစေရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များ၊ လမ်း၊ တံတားပြုပြင်တည်ဆောက်ပေးရေး ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဌာနဆိုင်ရာ များက ဆွေးနွေးတင်ပြကြသည်။

ဆွေးနွေးတင်ပြမှုများအပေါ်  ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် ချက်နှင့်အညီ မြို့ပြနှင့်ကျေးလက်ကွာဟမှုလျော့နည်းစေရေးအတွက် ချက်ချင်းဖြည့်ဆည်းဆောင် ရွက်ပေးနိုင်သည့် ကိစ္စရပ်များကို အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးသွားရေးနှင့် ရေရှည်ဆောင် ရွက်ရမည့်လုပ်ငန်းများကိုဘဏ္ဍာနှစ်အလိုက် စီမံကိန်းလုပ်ငန်းတွင် ထည့်သွင်းရေးဆွဲပြီး အကောင် အထည်ဖော်ဆောင်ရွက်ပေးနိုင်ရေးကို အလေးထားကြိုးပမ်းဆောင်ရွက်နိုင်ရေး၊ ပန်ဝါနှင့်ဖီမော် နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ မြစ်ကြီးနားမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ပိုင် အရေးကြီးပုဂ္ဂိုလ်(VIP) ဧည့်ရိပ်သာ (ဧရာဝတီ) ဖွင့်လှစ်နိုင်ရေး ပြုပြင်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး၊ သီတာရပ်ကွက်၌ ရေကူးပြေးလမ်း ၁၀ လမ်းပါ ရေကူးကန်တည်ဆောက်နေမှုများကို ကြည့်ရှု စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များ ပြုပြင်ဆောက်လုပ်နိုင်ရေး ဌာနဆိုင်ရာများနှင့် ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။