ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ပန်းခင်းစီမံချက် အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ဂုဏ်ပြု မှတ်တမ်းလွှာနှင့် မသန်စွမ်းအဖွဲ့အစည်းများတွက် ‌ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ပန်းခင်းစီမံချက် အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ဂုဏ်ပြု မှတ်တမ်းလွှာနှင့် မသန်စွမ်းအဖွဲ့အစည်းများတွက် ‌ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်

မြစ်ကြီးနား     ဇွန် ၁၀

          ကချင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် မြို့နယ်ပေါင်း (၁၈)မြို့နယ်တွင် (၁၃)မြို့နယ် သည် (၁၀၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးခဲ့ပြီး ကျန်(၅)မြို့နယ်တွင်လည်း ပျမ်းမျှအားဖြင့် (၈၀) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည့်အတွက် တစ်ပြည်နယ်လုံး အတိုင်းအတာအနေဖြင့် (၉၄.၇၂)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ဇွန် ၁၀ ရက် နံနက် ၉ နာရီခွဲက ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် ပန်းခင်းစီမံချက် အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အဆင့်ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဆောင်ရွက်ရန်ကျန်ရှိသည့် မြို့နယ်(၅)မြို့နယ်တွင် လတ်တလောလုံခြုံရေးအခြေအနေအရ ကွင်းဆင်းဆောင်ရွက်ရန် အခက်အခဲများ ရှိနေပြီး ကျန်လပ် မှုမရှိ ကွက်ပြည့်နင်းဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယနေ့ ပန်းခင်း စီမံချက်၏ အပြီးသတ် စာရင်းဖြတ် လုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်သည့်အပြင် မကြာမီ နောက်ဆုံး အဆင့်ဖြစ်သည့် ကောက်သင်းကောက် ဆောင်ရွက်ပေးခြင်းလုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်သည့် အတွက် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် ပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ရန် မကျန်ရှိစေရေး၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ အဖွဲ့အစည်းသီးသီးနှင့် တွန်းအားပေးဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်အဆင့်ဦးစီးကော်မတီ အတွင်းရေးမှူး ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ပန်းခင်းစီမံချက်ဖြင့် ပြည်နယ်အတွင်း ဆောင်ရွက်ပေးရမည့်ဦးရေ (၂၀၁၃၆၆)ဦး အနက် နိုင်ငံသားစိစစ်ရေးကတ်ပြားပေါင်း (၁၉၀၇၃၇)ကတ်ဆောင်ရွက်ပေးအနိုင်ခဲ့သည့်အခြေအနေ နှင့် စာရင်းအပြီးသတ်ခြင်း လုပ်ငန်းနှင့် လက်ကျန်ဆောင်ရွက်ခြင်းလုပ်ငန်း စီမံချက်ရေးဆွဲဆောင် ရွက်သွားမည့် အစီအမံများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် အိမ်ထောင်စု၊ လူဦးရေစာရင်းများ စိစစ်တိုက်ဆိုင် ‌ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ပေးရမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ကော်မတီအဖွဲ့ဝင်များ နှင့် ခရိုင်အဆင့်ကော်မတီအဖွဲ့ဝင်များက ဖြည့်စွက်ရှင်းလင်းဆွေးနွေး တင်ပြကြရာ ဆွေးနွေးတင်ပြမှု များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပန်းခင်း စီမံချက် အောင်မြင်စွာ ဆောင်ရွက်ပြီးစီးနိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန ရွှေပြည်သာခန်းမ၌ ကချင်ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာပေး အပ်ချီးမြှင့်ပွဲနှင့် မသန်စွမ်းအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များအား ထောက်ပံ့ငွေများ ပေးအပ်ပွဲ အခမ်းအနား သို့ တက်ရောက်ပြီး အမှာစကားပြောကြားသည်။

          အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ပါဝင်ကူဆောင်ရွက်ခဲ့ကြသော စေတနာ့ဝန်ထမ်းများ၏ စွမ်းဆောင်မှုသည် လေးစားဂုဏ်ယူစရာကောင်းသည့်အတွက် ယနေ့ နိုင်ငံတော်က အသိအမှတ်ပြု သည့်အနေဖြင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ပြည် နယ်အတွင်းရှိ မသန်စွမ်းအဖွဲ့အစည်းများအတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ပထမဆုံးအကြိမ် ထောက်ပံ့ငွေကျပ် (၇၇.၉၆)သန်းကို ထောက်ပံ့ပေးအပ်သွားမည် ဖြစ်သည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကာကွယ်၊ ထန်းချုပ် ရေးလုပ်ငန်းများတွင် ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်ခဲ့ကြသော လူမှု ပရဟိတအသင်းအဖွဲ့ (၈၆)သင်းတို့အတွက် ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ၊ ပြည်နယ်အတွင်းရှိ မသန်စွမ်းအဖွဲ့အစည်း (၆)ဖွဲ့တို့အတွက် ထောက်ပံ့ငွေကျပ် (၇၇၉၆၀၀၀၀)ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြရာ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကိုယ်စား ပေးဆပ်သူလူမှု ကူညီရေးအသင်းမှ တာဝန်ရှိသူနှင့် မသန်စွမ်းအဖွဲအစည်းများကိုယ်စား ပြည်နယ်မသန်စွမ်းသူများ အသင်းဥက္ကဋ္ဌတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြသည်။