ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၊ ကြက်‌ပေါင်ခြံရပ်ကွက်အတွင်း ရေဘေးသင့် မိသားစုများအား သွားရောက်တွေ့ဆုံအားပေး ထောက်ပံ့

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၊ ကြက်‌ပေါင်ခြံရပ်ကွက်အတွင်း ရေဘေးသင့် မိသားစုများအား သွားရောက်တွေ့ဆုံအားပေး ထောက်ပံ့

မြစ်ကြီးနား     ဇွန် ၁၉

          ကချင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းလျက်ရှိရာ ဧရာဝတီမြစ်ရေသည် ယမန်နေ့ ညက စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာအောက် ၉၆၀ စင်တီမီတာအထိ မြင့်တက်လာခဲ့သဖြင့် မြစ်ကြီးနားမြို့ မြေနိမ့်ပိုင်းဖြစ်သည့် ကြက်ပေါင်ခြံရပ်ကွက် နယ်မြေ (၈)နှင့် နယ်မြေ (၉)တို့တွင် ဧရာဝတီမြစ်ရေနှင့် မိုးရေများဝင်ရောက်မှုကြောင့် အိမ်ထောင်စု (၁၇)စု၊ လူဦးရေ (၈၉)ဦးတို့အား ရေဘေးလွတ်ရာနေရာများတွင် ခေတ္တရွေ့ပြောင်းထားရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇွန် ၁၉ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ရေဘေးသင့်မိသားစုများအား သွားရောက်တွေ့ဆုံအားပေး ထောက်ပံ့ခဲ့သည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ ကြက်ပေါင်ခြံရပ်ကွက် နယ်မြေ (၉)မှ ရေဘေးသင့်အိမ်ထောင်စု (၁၀)စု၊ လူဦးရေ (၄၈)ဦးတို့အား ခေတ္တပြောင်းရွေ့နေရာချထားပေးသည့် ပြည်ခိုင်ဖြိုးရုံးသို့ သွားရောက်ပြီး ပြည်နယ် ဝန်ကြီးချုပ်က နေထိုင်စားသောက်မှုအဆင်ပြေစေရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ ကာ အိမ်ထောင်စုများအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဆန်အိတ် (၅)အိတ်၊ ကြက်ဥ (၃၀၀) လုံး၊ ခေါက်ဆွဲ ခြောက် (၁၀၀) ထုပ်၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ (၇)ရက်စာ ဆန်ဖိုးငွေကျပ် (၁၀၀၈၀၀)နှင့် ဆပ်ပြာတောင့်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကြက်ဥအလုံး (၃၀၀)၊ ကြက်သွန်နီ၊အာလူး (၂၅)ကျပ်သားစီနှင့် ကလေးများအတွက် မုန့်ဖိုးငွေများ ထောက်ပံ့ပေးအပ် ခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ကြက်ပေါင်ခြံရပ်ကွက် နယ်မြေ(၈)မှ ရေးဘေးသင့် အိမ်ထောင်စု (၇)စု၊ လူဦးရေ (၄၁)ဦးတို့အား ခေတ္တပြောင်းရွေ့နေရာချထားသည့် ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံး၌ အိမ်ထောင်စုများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားပြီး အိမ်ထောင်စု များအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဆန်အိတ် (၅)အိတ်၊ ကြက်ဥ (၂၁၀)လုံး၊ ခေါက်ဆွဲခြောက် (၇၀) ထုပ်၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ (၇)ရက်စာဆန်ဖိုးငွေကျပ် (၈၆၁၀၀)နှင့် ဆပ်ပြာတောင့်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကြက်ဥအလုံး (၃၀၀)၊ ကြက်သွန်နီနှင့် အားလူး များကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကလေးများအတွက် မုန့်ဖိုးငွေ များကို ထောက်ပံ့ပေးအပ်သည်။

          အဆိုပါ ရေဘေးသင့်အိမ်ထောင်စု (၁၇)စု၊ လူဦးရေ (၈၉)ဦးတို့အား ကချင်ပြည်နယ်အစိုးရအဖွဲ့ ကစုစုပေါင်းတန်ဖိုးငွေကျပ် ၄၃၆၀၀၀ တန်ဖိုးရှိ ဆန်အိတ်(၁၀)အိတ်၊ ကြက်ဥနှင့် ခေါက်ဆွဲခြောက် များ၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက စုစုပေါင်းတန်ဖိုးငွေကျပ် (၁၉၂၈၅၀) နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စုစုပေါင်းတန်ဖိုးငွေကျပ် (၃၅၀၀၀၀)ရှိ အခြေခံစားသောက်ကုန် များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။