ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ် ငွေရတုအကြိုတက္ကသိုလ်နှစ်ပတ်လည် အထိမ်းအမှတ် စာတမ်းဖတ်ပွဲသို့ တက်ရောက်အားပေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ် ငွေရတုအကြိုတက္ကသိုလ်နှစ်ပတ်လည် အထိမ်းအမှတ် စာတမ်းဖတ်ပွဲသို့ တက်ရောက်အားပေး

မြစ်ကြီးနား     သြဂုတ် ၂၄

          ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်၏ (၂၄)နှစ်ပြည့် ငွေရတုအကြို တက္ကသိုလ်နှစ်ပတ် လည်နေ့ အထိမ်းအမှတ်အဖြစ် သုတေသနစာတမ်းဖတ်ပွဲကို သြဂုတ် ၂၄ ရက် နံနက် ၈ နာရီခွဲက မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက် အားပေးခဲ့ကြသည်။

          ရှေးဦးစွာ စာတမ်းဖတ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြစ်ကြီးနားတက္ကသိုလ် သည် ပညာသင်ယူဆည်းပူးရာ၊ အသိဉာဏ်ဗဟုသုတများကို ဖြန့်ဝေပေးရာ ဗဟိုချက်မ ပညာဘဏ် တိုက်တစ်ခုအဖြစ်ရပ်တည်၍ အသိပညာမျက်စိ အလင်းဖွင့်ပေးခဲ့သည်မှာ (၂၄)နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါကြောင်း၊ သင်ကြားရေးနှင့် သုတေသနသည် တက္ကသိုလ်တစ်ခု၏ ဂုဏ်သိက္ခာ၊ အဆင့်အတန်း မြင့်မားရေးအတွက် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေသည့်အပြင် သုတေသနစာတမ်းဖတ်ပွဲတွင် ဆွေးနွေးမေးမြန်းကြခြင်းဖြင့် ရရှိလာသော အသိပညာ၊ အတတ်ပညာတို့ဖြင့် ဆင်ခြင်တွေးတောနိုင် သည့် အကောင်းမြင်ဝါဒကို ဆွဲကိုင်လျက် ပြည်နယ်အကျိုးပြု၊ နိုင်ငံအကျိုးပြု သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် နောင်လာမည့်နှစ် ငွေရတုမှ သည် ရွှေရတုတိုင် အနာဂတ်သားကောင်းရတနာများ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ပါစေကြောင်း တိုက်တွန်းပြောကြားသည်။

          ထို့နောက် တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက (၂၄)နှစ်မြောက် ငွေရတုအကြို တက္ကသိုလ်နှစ်ပတ်လည်အထိမ်းအမှတ် တက္ကသိုလ်၏ သင်ကြားရေးနှင့် သုတေသနလုပ်ငန်းများ ပိုမိုအားကောင်းစေရေး သုတေသနစာတမ်းဖတ်ပွဲများ ကျင်းပပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။

          ယင်း‌နောက် စာတမ်းဖတ်ပွဲကို ဘာသာရပ်နယ်ပယ် ၆ ခုမှ သုတေသနပြုစာတမ်း ၃၆ စောင်ကို ဘွဲ့နှင်းသဘင်ခန်းမဆောင်ရှိ ဧရာဝတီခန်းမ၊ မလိခခန်းမနှင့် ကျောက်စိမ်ခန်းမတို့တွင် ဖတ်ကြား တင်သွင်းသွားမည်ဖြစ်ရာ တက္ကသိုလ်သမိုင်းဌာန ပါမောက္ခဌာနမှူး ဒေါက်တာ M ရွယ်နှောင်းက ကချင်တိုင်းရင်းသားတို့၏ ဒဏ္ဍာရီလာ ရိုးရာဓလေ့ပွဲတော်ဖြစ်သည့် မနောပွဲတွင် စုပေါင်းဆင်နွှဲ ကြသည့် မနောအကနှင့် စပ်လျဉ်း၍ သုတေသနပြုစာတမ်းကို ဖတ်ကြားခဲ့ကြောင်း သိရှိရသည်။

          မြစ်ကြီးနားတက္ကသိုလ်ကို ၁၉၈၅ ခုနှစ်၊ ဇူလိုင် (၁၄) ရက်နေ့တွင် သက်ကြီးတက္ကသိုလ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၆၃ ခုနှစ်၊ ဇူလိုင်လ (၁၅)ရက်နေ့တွင် မြစ်ကြီးနားဥပစာကောလိပ်အဖြစ် လည်းကောင်း၊ ၁၉၆၈ ခုနှစ် မေလ (၂၃)ရက်နေ့တွင် ကချင်ပြည်နယ်ဒေသကောလိပ်အဖြစ် လည်းကောင်း၊ ၁၉၈၁ ခုနှစ်၊ နိုဝင်ဘာလ (၃၀)ရက်နေ့တွင် (၂)နှစ်သင် ကောလိပ်အဖြစ် ပြင်ဆင် ဖွဲ့စည်းပြီး အထူးပြုဘာသာရပ်များ စတင်သင်ကြားခြင်းဖြင့် လည်းကောင်း၊ ၁၉၈၆ ခုနှစ်၊ ဖေဖော်ဝါရီ (၁၂)ရက်နေ့တွင် ဝိဇ္ဇာဘွဲ့နှင့် သိပ္ပံဘွဲ့များ ချီးမြှင့်ပေးအပ်နိုင်သော မြစ်ကြီးနားဒီဂရီကောလိပ်အဖြစ် လည်းကောင်း၊ ၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီ (၃)ရက်တွင် မြစ်ကြီးနားတက္ကသိုလ်အဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ ရာ ယခုနှစ်တွင် (၂၄)နှစ်ပြည့်မြောက်ပြီဖြစ်ကြောင်း သိရှိရသည်။