ကချင်ပြည်နယ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူ (IDPs)များအား ပွင့်လင်းရာသီတွင် အမြန်ဆုံး ပြန်လည်နေရာချထားပေးနိုင်ရေး မြို့နယ်အလိုက် နယ်မြေဒေသများပေးပို့နိုင်ရေးနှင့် ပြည်နယ်အတွင်း ခရိုင်အခြေပြု စိုက်ပျိုး၊မွေးမြူရေး တွဲဖက်အထက်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

 ကချင်ပြည်နယ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူ (IDPs)များအား ပွင့်လင်းရာသီတွင် အမြန်ဆုံး  ပြန်လည်နေရာချထားပေးနိုင်ရေး မြို့နယ်အလိုက် နယ်မြေဒေသများပေးပို့နိုင်ရေးနှင့် ပြည်နယ်အတွင်း ခရိုင်အခြေပြု စိုက်ပျိုး၊မွေးမြူရေး တွဲဖက်အထက်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

မြစ်ကြီးနား     သြဂုတ် ၂၅

          ကချင်ပြည်နယ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူ (IDPs)မိသားစုများအား မိုးရာသီအကုန် ပွင့်လင်းရာသီတွင် ပြန်လည်နေရာချထားပေးနိုင်ရေးအတွက် ပြန်လည်နေရာချထားပေးမည့် နယ်မြေ ဒေသ(မြို့နယ်အမည်)အား ပေးပို့နိုင်ရေးနှင့် လုပ်ငန်းများ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အဆင့်ကော်မတီအဖွဲ့ဝင်များ၊ သာဘာရေးအသင်းအဖွဲ့များ၊  NGO အဖွဲ့အစည်းများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သြဂုတ် ၂၅ ရက် နံနက် (၁၀)နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများအနေဖြင့် ယာယီခိုလှုံရာစခန်းများတွင် (၁၀)စုနှစ်ကျော်နေထိုင်ခဲ့ကြသဖြင့် စခန်းများပိတ်သိမ်းနိုင်ရေး၊ လူသားချင်စာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးခြင်းနှင့် ပုံမှန် လူနေမှုဘဝတွင် အမှီအခိုကင်းစွာ ပြန်လည်ရပ်တည်နိုင်ရေး ပြည်နယ်အဆင့်ကော်မတီအဖွဲ့ဝင်များ နှင့် ဘာသာရေးအသင်းအဖွဲ့များ၊ အဖွဲ့အစည်းအားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း၊ သို့ဖြစ်ပါ၍ လုပ်ငန်းများ မိုးရာသီကုန်ဆုံးချိန် ပွင့်လင်းရာသီတွင် အမြန်ဆုံးအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး အလေးအနက်ထား ဆွေးနွေးကြစေလိုကြောင်း တိုက်တွန်းမှာကြား သည်။

          ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ကော်မတီအဖွဲ့ ဝင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်(၆)ခရိုင်မှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့၊ ကတ်သလစ်အသင်းတော်၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်နှင့် NGO အဖွဲ့ အစည်းများမှ တာဝန်ရှိသူများက ပြည်နယ်အတွင်းရှိ မြို့နယ်အလိုက် IDPs စခန်းများအခြေအနေနှင့် အိမ်ထောင်စုများ နေထိုင်လျက်ရှိသည့်အခြေအနေများ၊ အိမ်ထောင်စုများ ပြန်လည်နေရာချထားရေး အတွက် ကြိုတင်စီမံဆောင်ရွက်ထားရှိမှုများ၊ ပြန်လည်ထူထောင်ရေးနှင့် သက်မွေးပညာသင်တန်း များဖွင့်လှစ်ဆောင်ရွက်သွားမည့် အစီအမံများ၊ ပြောင်းရွှေ့နေရာချထားပေးနိုင်ခဲ့မှုအခြေအနေများ၊ နေရပ်ကျေးရွာများနှင့် ပြန်လည်ထူထောင်ရေးစခန်းများတွင်နေအိမ်များ ပြုပြင်/အသစ်တည်ဆောက် သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ အမြန်ဆုံးအကောင်အထည်ဖော်ရေး အဖွဲ့အစည်းအားလုံး ချိတ်ဆက် ပူးပေါင်းဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          အလားတူ အဆိုပါ အစည်းအဝေးခန်းမ၌ ပြည်နယ်အတွင်း ခရိုင်အခြေပြု စိုက်ပျိုးရေး၊ မွေးမြူရေးသင်တန်းကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက် ကျင်းပပြုလုပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ နိုင်ငံတော်အနေဖြင့်လည်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံ၍ နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ထို့အပြင် နိုင်ငံတော်အကြီးအကဲအနေဖြင့် အထက်တန်းကျောင်းများတွင် စိုက်ပျိုးမွေးမြူ ရေးဘာသာရပ်များကို တွဲဖက်သင်ကြားနိုင်ရေးအတွက် လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်နယ်အတွင်းရှိ ခရိုင် မြို့ (၄)မြို့ရှိ အထက်တန်းကျောင်းများ တစ်ကျောင်းစီတွင် တွဲဖက်ဖွင့်လှစ် နိုင်ရေး အစီအစဉ်တကျ စီမံဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း မှာကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ များမှတာဝန်ရှိသူများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက အခြေခံပညာကျောင်းများနှင့် တွဲ ဖက်၍ စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည့် အစီအစဉ် များနှင့်စပ်လျဉ်း၍ ခရိုင်မြို့များတွင် ဦးစားပေးရွေးချယ်မည့် သတ်မှတ်ချက်များ၊ ကျောင်းသား၊ ကျောင်းသူများ ခေါ်ယူသွားမည့်အစီအမံများ၊ ဆရာ/ ဆရာမများနှင့် လေ့ကျင့် သင်ကြားပေးသွားမည့် အစီအစဉ်များ၊ ကြိုတင်စီမံ ဆောင်ရွက်ထားရမည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။